မတွေးသင့်သောအတွေးသုံးမျိုး
မြတ်စွာဘုရားကအတွေးနဲ့ပတ်သက်လာရင်
အတွေးသုံးမျိုးကိုမတွေးနဲ့တဲ့၊
တွေးလို့ရှိရင်လူဖြစ်ကျိုးမနပ်ဖြစ်လိမ့်မယ်။
အဘိဇ္ဈာ
မကောင်းတဲ့အတွေးဟာဘာလဲဆိုရင်
သူများပစ္စည်းကိုယ့်ပစ္စည်းဖြစ်ချင်တဲ့အတွေး၊
“အဘိဇ္ဈာ”လို့ခေါ်တယ်။
`အဘိ´ဆိုတာ သူများပစ္စည်းကိုဦးတည်ပြီး
`ဇ္ဈာ´ရချင်တဲ့စိတ်နဲ့ စိတ်ကူးတာနော်။
သူများပစ္စည်းကိုပိုင်ဆိုင်ချင်တဲ့အတွေးဟာဘာကိုဖြစ်စေတတ်တဲ့အတွေးလဲ၊
သူခိုးဓားပြဖြစ်စေတဲ့အတွေးမဖြစ်ဘူးလား။
အေး ... အဲဒီအတွေးဟာအန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ်အတွေး၊မနောဒုစရိုက်လို့ခေါ်တယ်။
သူများပစ္စည်းကိုကိုယ့်ပစ္စည်းဖြစ်လိုမှုဆိုတဲ့အတွေး,တွေးမိလို့ရှိရင် ဒီအတွေးဟာမှားတယ်။
ဒီအတွေးမျိုးမတွေးသင့်ဘူး၊ဒီအတွေးကိုရှောင်ရမယ်။
ဗျာပါဒ
နောက် “ဗျာပါဒ”၊ဘာလဲဆိုရင်
ကိုယ်နဲ့မတည့်တဲ့လူတစ်ယောက်စိတ်ထဲပေါ်လာတယ်။ဟာ ... ဒီကောင်သေသွားရင်
ကောင်းမှာပဲ၊ဒီကောင်စီးပွားတွေပျက်သွားရင်
ကောင်းမှာပဲ။ဒီကောင် ဒုက္ခရောက်သွားရင်၊ ထောင်ကျသွားရင်ကောင်းမှာပဲဆိုတဲ့အတွေးတွေတချို့မတွေးကြဘူးလား၊အဲဒီအတွေးကဗျာပါဒအတွေးလို့ခေါ်တယ်။ အဲဒီအတွေးမျိုးကို
ရှောင်ရှားဖို့လိုတယ်၊လူဖြစ်ကျိုးနပ်ဖို့အတွက်
အဲဒီအတွေးမျိုးမတွေးမိစေနဲ့တဲ့။
နောက်တစ်ခုက “မိစ္ဆာဒိဋ္ဌိ”၊ မိစ္ဆာဒိဋ္ဌိဆိုတာကိုယ်လုပ်တာကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး၊ကောင်းတာလုပ်လည်းကောင်းတာမဖြစ်ပါဘူး၊မကောင်းတာလုပ်လည်းကောင်းတာဖြစ်တယ်၊မကောင်းတဲ့လူတွေကြီးပွားနေတာရှိတာပဲ၊ကောင်းတဲ့လူတွေဒုက္ခရောက်နေကြတယ်စသည်ဖြင့်ကံကို မျက်စိလည်နေတတ်ကြတယ်၊တကယ်တော့မကောင်းတာလုပ်ပြီးကြီးပွားနေတာတွေဟာတစ်ချိန်တုန်းကကောင်းတာလုပ်ခဲ့လို့ကောင်းကျိုးကို ခံစားနေရတယ်လို့,ဒီလိုတွက်ရမယ်။
ဟုတ်တယ်မို့လား၊
ကိုယ်ကခုမှကောင်းတာတွေလုပ်တာ၊
အကျိုးမပေးသေးဘူး။
အခုမှသရက်ပင်စိုက်တာ၊သရက်သီးစားရပါ့မလား၊မစားရပါဘူး။
ကောင်းတာအခုမှလုပ်တာ၊
မကောင်းတာတွေကြုံနေရတယ်။
အတိတ်ကမကောင်းတာတွေဘယ်လောက်လုပ်ခဲ့မှန်းမှမသိတာ။
တစ်ခါက,ကျောင်းတစ်ကျောင်းမှာသူခိုးခိုးခံရတယ်။
ဆရာတော်ကြီးတစ်ပါးက,ဘာပြောတယ်မှတ်လဲ။
“အေး ... တိတ်တိတ်နေကြ၊မပြောကြနဲ့၊တို့အတိတ်က,မကောင်းတာလုပ်ခဲ့တာတွေပေါ်ကုန်လိမ့်မယ်”တဲ့၊ဆရာတော်ကြီးပြောလိုရင်း
အဓိပ္ပာယ်ကဘာလဲဆိုရင်အခုအခိုးခံရတာဟိုအရင်ဘဝတုန်းကငါတို့သူများပစ္စည်းခိုးခဲ့လို့တဲ့။
ငါတို့အခိုးခံရတာလူမသိစေနဲ့တဲ့၊
ရှက်စရာကြီးလို့ပြောတာ၊အဲဒါကြောင့်
မှန်ကန်တဲ့အတွေးမှာ ကံဆိုတာရှိတယ်။
ကံကိုငြင်းပယ်တာ “အကိရိယဒိဋ္ဌိ”လို့ခေါ်တယ်။
ကုသိုလ်ဆိုတာမရှိပါဘူး၊အကုသိုလ်ဆိုတာ လဲမရှိပါဘူး
ဆိုတဲ့ ငြင်းပယ်တဲ့ဝါဒကို"အကိရိယဝါဒ"လို့ခေါ်တယ်။
“အကိရိယဒိဋ္ဌိ”ဆိုတာ ကံကိုလုံးဝမယုံဘူးလေ။
နောက် “နတ္ထိကဒိဋ္ဌိ”၊ကံရဲ့အကျိုးတရားကိုလက်မခံဘူး၊မကောင်းတာလုပ်လည်း မကောင်းတာမဖြစ်ဘူး။
ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ဘူး။
အကျိုးတရားကို ငြင်းပယ်တဲ့အမြင်၊
နောက်တစ်ခုက “အဟေတုကဒိဋ္ဌိ”၊အကြောင်းတရားကိုငြင်းပယ်တာ၊ပေါင်းလိုက်လို့ရှိရင် ကံနှင့်ကံ၏အကျိုးကို
ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ
မိစ္ဆာဒိဋ္ဌိအမြင်ရှိသူသာ ဖြစ်တယ်။
အဲဒီလို မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာကောင်းရာသုဂတိတောင်မရောက်နိုင်ဘူးတဲ့။
သူသွားရမယ့်လမ်းကတော့,အပါယ်(၄)ဘုံပဲ။
ဘာလို့တုံးဆိုတော့သူကကံကိုငြင်းပယ်ထားတော့သူလုပ်ချင်တာ လုပ်တော့မှာလေ။
လုပ်ချင်ရာလုပ်လို့ဆိုတဲ့နေရာမှာလူတွေက
ဘာလုပ်ချင်သလဲဆိုရင်မကောင်းတာပဲ
လုပ်ချင်ကြတာများတယ်လေ၊အဲဒီတော့သူလုပ်ချင်တာလုပ်တော့မယ်၊လူဆိုတာအထိန်းအကွပ်လေးနဲ့နေရတယ်၊အထိန်းအကွပ်မရှိဘဲလုပ်ချင်တာလုပ်ဆိုရင်မကောင်းတာပဲလုပ်ကြတော့မယ်။
ကောင်းတာဆိုတာ ရေဆန်လှော်ခတ်ရတာနဲ့တူတယ်။
ရေဆန်ဆိုတာသွားလို့ခက်တဲ့နေရာတစ်ခုပေါ့နော်။
မကောင်းတာလုပ်တာဆိုတာရေစုန်နဲ့တူတယ်။
လွယ်တယ်၊မျှောချရုံပဲ။
အေး ... ဒါကြောင့်မို့
အတွေးနဲ့ပတ်သက်လာလို့ရှိရင်ခုနပြောတဲ့
အတွေးတွေမတွေးနဲ့တဲ့၊တွေးမိပြီဆိုရင်
ကိုယ့်သန္တာန်မှာ၊ကိုယ်ရဲ့စိတ်အစဉ်မှာကိန်း၀ပ်သွားတယ်၊စိတ်အစဉ်မှာကိန်းဝပ်သွားလို့ရှိရင်အကြောင်းရှိတိုင်း
ပေါ်လာလိမ့်မယ်။
တစ်ခါတစ်ရံဟိုငယ်ငယ်တုန်းကအကြောင်းတွေပေါ်မလာဘူးလား၊ပျောက်သွားတာမဟုတ်ဘူး
ဆိုတာသေချာတယ်နော်၊ကံကလည်း
အဲဒီလိုပေါ်ပေါ်လာတာ၊အဲဒီလိုပေါ်လာတာဟာ
အခုခေတ်စကားနဲ့ Online ဖြစ်နေတာလို့ပြောနိုင်တယ်၊အကျိုးပေးစရာရှိရင်အကျိုးပေးမှာ၊သူကပျောက်မသွားဘူး။
အဲဒါကြောင့်မို့ ဒီအတွေးသုံးမျိုးကိုမတွေးမိဖို့သတိထားရမယ်၊အဲဒီတော့ ဘာတွေးရမှာတုံးဆိုတော့
သူများပစ္စည်းကိုရလိုတဲ့အတွေးနဲ့ မတွေးနဲ့တဲ့။
တရားသဖြင့်ရတဲ့ပစ္စည်းကိုသာ လိုချင်တဲ့အတွေး
ရှိရမယ်။
သူများကိုပျက်စီးစေလိုတဲ့အတွေးနဲ့မတွေးနဲ့တဲ့။
ကြီးပွားကြပါစေ၊ ချမ်းသာကြပါစေ၊
အဆင်ပြေကြပါစေဆိုတဲ့အတွေးပဲ တွေးပါတဲ့။
အဲ့ဒါကိုမေတ္တာအတွေးလို့ခေါ်တယ်လေ။
ပြီးတော့ မှန်ကန်တဲ့အမြင်နဲ့ မိစ္ဆာဒိဋ္ဌိကို
ဖယ်ရှားရမယ်ဘယ်လိုအမြင်မျိုးမြင်ရမလဲဆိုရင်
အစကပြောခဲ့တဲ့(ကမ္မဿကတာသမ္မာဒိဋ္ဌိ)
ကိုယ်လုပ်တာကိုယ်ပဲဆိုင်တယ်ဆိုတဲ့အမြင်မျိုး
မြင်ရမယ်၊ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ်
ငါပဲအမွေခံရမယ်ဆိုတဲ့ အမြင်ရှိပါစေတဲ့။
ဟော ... အဲဒါဆိုရင် အတွေးနဲ့ပတ်သက်ရင်
မှန်ကန်သွားပြီနော်။
ဒေါက်တာနန္ဒမာလာဘိဝံသ
Credit: