"ဝိပဿနာ"တရားအားထုတ်ကြသူများ ဖြစ်လေ့ဖြစ်ထရှိသော (သို့မဟုတ်) ကြုံတွေ့ကြရတဲ့ ဖြစ်စဉ်များကို ဓမ္မမိတ်ဆွေများအနေနဲ့သိသင့်သိထိုက်သည်ဟု ယူဆ၍ စုဆောင်းထားသမျှအား ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )အခုမှ စပြီး တရားအားထုတ်ကြသူ ဓမ္မမိတ်ဆွေများ အနေနဲ့တရားအားထုတ်ပြီဆိုရင်.....
"စိတ်" ကစပြီး ပြသနာ စဖြစ်တော့တာပါဘဲ။ သံသရာ တလျှောက်လုံး လွှတ်ထားတဲ့ စိတ်ကလေး.. ဟိုလွင့် ဒီလွင့်ဖြစ်နေတာကို အဲဒီအချိန်ကျမှဘဲ စတင်သိလိုက်ရပါတော့တယ်။
ဘာလို့လဲဆိုတော့...
စတင် တရားအားထုတ်ပြီဆိုတာနဲ့အဲဒီ"စိတ်"ဟာ တောင်တွေး မြောက်တွေး စတော့တာပါဘဲ..။ ဒါကို နားမလည်တဲ့ ပုဂ္ဂိုလ်ကတော့ မိမိရဲ ့တရားအားထုတ်မှုအပေါ် သံသယ ဖြစ်ကြရပါတယ်။
တကယ်တော့ .. "တရားတက်နေတာ" လို့ခေါ်ပါတယ်။ စိတ် ဘဲ ဗျာ.. တွေးမှာပေါ့.. ။
သံသရာတစ်လျှောက်လုံး ပြေးနေတဲ့ "စိတ်" သိမှမသိတာ.. အခုမှ ကိုယ်က သတိထားလည်း မိလိုက်ရော.. အဲဒီ အခါကျမှ ကိုယ့် ရဲ ့ စိတ် ဟိုတွေးဒီိတွေးဖြစ်နေတာတွေ နဲ ့စိတ်တွေ မငြိမ်တဲ့ အပေါ်မိမိ ဖာသာသုံးသပ်ပြီး .......
"ငါ တရားထိုင်လို့ မရဘူး" လို့ထင်တတ်ကြပါတယ်။
"ဝေဘူဆရာတော်ကြီး" မိန် ့တော်မူဖူးတဲ့ အဆုံးအမ တစ်ခုလည်းရှိပါတယ်..ကြုံတုန်း ဗဟုသုတ အနေနဲ့မျှဝေရရင်...
◆ " တစ်ခါက ဥပဓိရုပ်လက္ခဏာကောင်းတဲ့ လူကြီးတစ်ဦးဟာ လက်ဆွဲရေပုံးက တစ်ဖက်၊ တံမြက်စည်း က တစ်ဖက် နဲ့ "ဝေဘူရိပ်သာ"ထဲကို သွားသွားနေတာ မြင်ဖန်များလာတော့ "ဝေဘူဆရာတော်ဘုရားကြီး"က အခေါ်ခိုင်းပြီး မိန့်တော်မူပါတယ်။
"ဒကာကြီး ဘယ်ကလဲ"
"ဒီမြို့ကပါ ဘုရား.....။"
"ဘာအလုပ် လုပ်ပါသလဲ"
"နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပါ ဘုရား...။ အားနေတဲ့အချိန် ကုသိုလ်ရအောင် ကုဋီတွေ ကို လာပြီး သန့်ရှင်းရေးလုပ်တာပါဘုရား....။"
"ကောင်းပါတယ် ဒကာကြီး။ တရားရော အားထုတ်ဘူးလား"
"ကျကျနနတော့ အားမထုတ်ဖူးပါဘူး..ဘုရား"
"တရားလည်း အားထုတ်ပါဦး"
"နည်းပေးတော်မူပါ ဘုရား..."လို့လျှောက်တော့...
"ကဲ.. ဒါဆို အခုပဲ ရှုမှတ်ရအောင်"
ဆိုပြီး နာရီဝက်ခန့် တရားရှုမှတ်ပါတယ်။ တရားရှုမှတ်ပြီးတော့…
"ကဲ… ဒကာကြီး ဘာတွေသိလဲ။ လျှောက်ပါဦး"
"တပည့်တော် နဲ့ ဝိပဿနာတရား နဲ့ မအပ်စပ်ဘူး ဘုရား"...တဲ့
"ဘာလို့တုန်း"
"စိတ်တွေ မငြိမ်ဘူးဘုရား"
"စိတ်မငြိမ်တာ သိလား"
"သိပါတယ် ဘုရား"
"ဘယ်လောက်သိလဲ"
"နာရီဝက်လုံးလုံးပါ ဘုရား"
"အပ်စပ်ပါတယ် ဒကာကြီး။
ဝိပဿနာတရားဆိုတာ..
စိတ်ကို ငြိမ်အောင်လုပ်တာ မဟုတ်ဘူး။ စိတ်ကို..သိအောင်လို့ အားထုတ်တာ။ စိတ်မငြိမ်တာ ကို မငြိမ်မှန်းသိရင် တရားဖြစ်နေပြီပဲ။ ဆက်သာ အားထုတ်ပါ" လို့ ...မိန့်တော်မူပါတယ်။
တရားအားထုတ်နေကြသော ဓမ္မမိတ်ဆွေများအတွက် တန်ဖိုးရှိပြီး အားတက်စရာကောင်းတဲ့ "ဝေဘူဆရာတော်ဘုရားကြီး" ရဲ ့ အဖိုးမဖြတ်နိုင်တဲ့ နိဗ္ဗာန်တိုင်အောင် ဆုံးမတော်မူပုံ ကို ဖြန့်ဝေပေးတာပါ...။
"ဆရာတော်ဘုရားကြီး၏ ဂုဏ်တော် မေတ္တာတော် ကျေးဇူးတော် အနန္တတို့အား အလွန်ပင်ကြီးမားလှပါတယ်။
ခုန တောင်တွေး မြောက်တွေး ဖြစ်နေတဲ့ စိတ်အကြောင်း ပြန်ဆက်ရရင်...
အဲဒီတွေးနေတဲ့စိတ်ကို ကြည့်နေရတာ.. "ဝိပဿနာ" ပါဘဲ။ ကဲ.. အခု ကိုယ့်စိတ်ပြေးနေတာ သိပြီမဟုတ်လား...။ဘယ်လောက်ပြေးကောင်းလဲ. ဆိုတာ.။
ဥပမာတစ်ခု ထပ်ပြောရရင်..."ဝိပဿနာ"ရှုတယ် ဆိုတာ...
သားကောင်း ကို ချောင်းပြီး ဖမ်းတဲ့ ကျား တစ်ကောင်ဟာ သူ ရှေ့ကဖြတ်ပြေးနေတဲ့ သားကောင်တွေ ကို စောင့်ဖမ်းရသလိုပါဘဲ..။ ဖြတ်ပြေးပြေးနေတဲ့ သားကောင်းတွေဟာ များပြားလှတော့ အကုန်ဘယ်မိပါ့မလဲ. တစ်ကောင်မိလိုက်။ စောင့်ဖမ်းလိုက် နဲ့.. ဒီလို့နဲ့စောင့်ဖမ်းပါများတော့ နောက်ဆို ဘယ်လောက်ဖြတ်ပြေးပြေးတစ်ကောင်မှ လွတ်တော့မှာ မဟုတ်ပါဘူး။အဲဒီသဘောပါ။
မိမိစိတ် ပြေးတာ မိမိသိရင်...
"တရားတက်နေပြီ"ဟုသာ သေချာပေါက် တထစ်ချ ယူဆလိုက်ပါတော့....။
ရှေ့ဆက်ရရင် တရားအားထုတ်ကြယင်း...တချို့ ပုဂ္ဂိုလ်တွေမှာ..
"ဝမ်းနည်းစိတ်များ၊အားငယ်စိတ်" တွေ ဝင်လာတာ တို့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။
တချို ့လည်း မိမိရဲ့ အိမ်မှုတာဝန် လောကီ လုပ်ငန်းတာဝန်တွေကို နောက်မှာပစ်ထားပြီး တော့ လောကီ ကို စိတ်မပါတော့ဘဲ..တရားသာ မှတ်နေချင်စိတ်ဘဲ ဖြစ်နေတတ်ကြပါတယ်။
တချို ့လည်း တရားကို ရက်ရှည် စွဲမြဲအားထုတ်ပြီးလို့ ရိပ်သာက ထွက်သွားပြီးပေမဲ့လည်း ရိပ်သာကို ပြန်လာချင်တဲ့စိတ်၊ တရား ဆက်အားထုတ်နေချင်စိတ်တွေလည်း ဖြစ်နေတတ်ကြပါတယ်။
တချို ့ဆိုရင် ရိပ်သာမှာ တရားရက်ရှည်အားထုတ်ပြီး ရိပ်သာက ပြန်ထွက်လာစ အချိန် လူတောထဲ ပြန်ဝင်တဲ့အခါ အရာရာကို စိတ်ကုန်ညည်းငွေ့သလို ဖြစ်လာတတ်ပါတယ်။ မျက်စိထဲလဲ ဘာကြည့်ကြည့် အနိစ္စ သာ မြင်နေတယ် လို့ သိရပါတယ်။
တစ်ဦးနဲ့ တစ်ဦး တရားအတွေ့အကြုံ ထပ်တူ မတူနိုင်ပေမယ့် စိတ်ပျက်အားငယ်စိတ်၊ ဝမ်းနည်း အထီးကျန်စိတ်တွေ ကို ကြုံရသူများလဲ ရှိနိုင်တယ်လို့ ထင်ပါတယ်။
ရုပ်နာမ်တို့ ရဲ ့မရပ်မနား ဖြစ်ပျက်နေခြင်း၊ ဖြစ်ခြင်းပျက်ခြင်းများ၊ မိမိ အစိုးမရ မထိန်းချုပ်နိုင်ခြင်းများကို နေ့စဉ် ရှုမှတ်ရင်း ထိတ်လန့်ခြင်း၊ စိတ်အားငယ်ခြင်းများ ကြောင့် ဖြစ်လာတာ.. လို့ ယူဆမိပါတယ်။
တစ်ချို့လည်း မိမိရဲ ့"သမာဓိတွေ နိမိတ်တွေ" ကြောင့် ပေါ်လာတတ်တာ ရှိသလို...
တစ်ချို့လည်း "စိတ်ကူးအကြံအစည်များကြောင့်" ပေါ်လာတတ်တာ ရှိပါတယ်။
တစ်ချို့လည်း ဝိပဿနာဉာဏ် တွေ တဖြည်းဖြည်း ရင့်ကျက်လာတဲ့အတွက် ဉာဏ်စဉ်များလည်း တက်ကာ တက်ကာ "ဝိပဿနာ"ရှုတဲ့ သူတွေ မှာ ဖြစ်ပေါ်လေ့ရှိတဲ့ ဉာဏ်စဉ် ၁၆-ပါးရှိတဲ့ အနက် ရုပ်နာမ်တို့ရဲ့ အပျက်ကိုချည်းမြင် တဲ့ "ဘင်္ဂဉာဏ်" ၊ ရုပ်နာမ်သင်္ခါရတို ရဲ့ "အပျက်"တွေချည်းကိုသာ မြင်နေရတဲ့အတွက် ကြောက်စရာဘေးအဖြစ် မြင်တဲ့"ဘယဉာဏ်" ၊ ရုပ်နာမ်သင်္ခါတို့အပေါ်မှာ အလွန်းငြီးငွေ့လာတဲ့ "နိဗ္ဗိဒါ ဉာဏ်" စတဲ့ဉာဏ်စဉ်များကြောင့်လည်း မတူညီတဲ့ ခံစားမှု အာရုံတွေ ဖြစ်ပေါ်လာတတ်တာ ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် "ဝိပဿနာ"ဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ရှုမှတ်တာ ဖြစ်တဲ့အတွက် "စိတ်မှာပဲ ပေါ်ပေါ်၊ခန္ဓာကိုယ်မှာပဲ ပေါ်ပေါ်၊ ပေါ်သမျှအာရုံတွေ ကို သတိကပ်ပြီး လိုက်ရှုမှတ်ဖို့ သာ လိုပါတယ်။
တရားအားထုတ်တဲ့အခါ ဖြစ်ပေါ်နေတဲ့ ဝမ်းနည်းအားငယ်စိတ်ဆိုတာလည်း စိတ်မှာပေါ်လာတဲ့ "ရှုမှတ်ပစ်ရမဲ့"အာရုံတွေပါဘဲ။ စိတ်မှာဘယ်လို "အာရုံမျိုး၊ ခံစားမှုမျိုး၊ အကြံအစည်မျိုး" ပဲ ပေါ်ပေါ်၊ အဲဒီစိတ် ကို စိတ် နဲ့လိုက်သိပြီး "ရှုမှတ်"ပစ်ရပါမယ်။ ဝမ်းနည်းအားငယ်စိတ် ဖြစ်ရင်လည်း အဲဒီစိတ်ကို သတိကပ်ပြီး တစ်ထပ်တည်း သိနေအောင် ကြိုးစားရှုမှတ်ဖို့ လိုပါတယ်။
ဒီစိတ်ဟာ "ဘာကြောင့်ပေါ်တယ်၊ ဘာဖြစ်လို ပေါ်ရတာလဲဆိုပြီး လိုက်ပြီးခံစားမှု၊လိုက်ပြီး စုံစမ်းထောက်လှမ်းနေမှု မပြုဘဲနဲ့ အဲဒီစိတ်ဖြစ်နေတဲ့ "လက်ရှိအခြေအနေ"ကိုပဲ လိုက်ပြီးသိအောင် ရှုမှတ်ရပါမယ်။
အဲလိုရှုမှတ်တဲ့အခါ ဒီစိတ်ပျောက်ပြီး နောက်စိတ်တစ်မျိုး ဖြစ်ပေါ်ရင်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမှတ်စရာ အာရုံတစ်ခုခု ပေါ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာသမျှကို လိုက်ပြီးသိရှိ ရှုမှတ်နေဖို့အရေးကြီးပါတယ်။
စိတ်ကူးတာ၊ ကြံစည်တာ၊ တွေးတောတာ၊ ဝမ်းနည်းတာ၊ ဝမ်းသာတာ၊ ဒေါသဖြစ်တာ၊ အလိုမကျတာ၊ ပူတာအေးတာ၊ ပေ့ါတာလေးတာ၊ ကိုက်တာခဲတာ စတဲ့ ဘယ်လိုဟာမျိုးပဲ ပေါ်လာပေါ်လာ "သတိကပ်ပြီး" လိုက်သိလိုက်မှတ်နေဖို့ပါ။ ဒီလိုပေါ်ရာပေါ်ရာကို လိုက်သိ၊ လိုက်မှတ်နေတာကိုပဲ "ဝိပဿနာ"ရှုတယ်လို့ ခေါ်တာပါပဲ။
အဲဒီလိုရှုရင်း နောက်ပိုင်းသူ့ဟာသူ တဖြည်းဖြည်းဉာဏ်တွေတိုးတက် လာပါလိမ့်မယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ရှုမှတ်ပစ်ဖို့ပါ။ နောက်တစ်ချက်က အဲဒီလို စိတ်ပျက်အားငယ်စိတ်တွေ အရမ်းများလို့ ဘယ်လိုမှ မရှုမှတ်နိုင်ဘူး ဖြစ်နေရင် အဲဒါကို လစ်လျူရှုပြီး တစ်ခြားမှတ်စရာ အာရုံတစ်ခုခုကို လိုက်မှတ်ကြည့်ပါ။
ဥပမာ ဝင်လေထွက်လေကို မှတ်တာမျိုး၊ ဖောင်းတာပိန်တာကို မှတ်တာမျိုးလိုပေ့ါ။ ပြီးတော့ ဒီစိတ် ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာဘာဝနာပွားတာမျိုး၊ ဗုဒ္ဓါနုဿတိပွားတာမျိုး စတာတွေကိုလည်း ပြောင်းလုပ်ပြီး ၊ ဝိပဿနာပိုင်း ကို ပြန်မှတ်ကြည့်ပါ။ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။
ဓမ္မမိတ်ဆွေ များ အနေနဲ့"မှတ်နေ၊ရှုနေ" ဖို့ သာ "အဓိက"ပါ။ စဉ်းစားပြီး အတွေးတွေ မလွန်ပါနဲ့့။တွေးမိသွားရင် လည်း "အော်..တွေးမိသွားပါလား..ဒီတွေးတာချည်းက အခုမရှိတော့ဘူး..ပျက်သွားပါလား"ဆိုတဲ့ အသိနဲ့ပျက်သွားတာကို ပြန်ရှုပါ။ အဲဒါ..ဝိပဿနာဘဲ..။အပျက်ကို မြင်ပြီဆိုရင် "ဝိပဿနာ"ဖြစ်ပြီ။ အပျက်ကြီးဘဲ မြင်နေမှ နိဗ္ဗာန်ရောက်မှာနော်...။
"မဂ်" ဆိုတာ လက်ဖြောက်တစ်ချက်တီး လောက်တောင်မကြာပါဘူး။ ကျင့်ကြံအားထုတ်ဖို့သာလိုပါတယ်။ ဓမ္မမိတ်ဆွေတို့ကျင့်ကြံအားထုတ်သလောက်တော့ အကျိုးခံစား ကြရမှာပါ။ အဲဒီလို ကျင့်ကြံအားထုတ်သူ ဓမ္မမိတ်ဆွေတို့ဟာ အချိန်မရွေး နေရာ ဒေသမရွေး "မဂ်"ကျ နိုင်တယ် ဆိုတာ သိကြစေလိုပါတယ်....မယုံမရှိကြပါနဲ့။
"ရဟန္တာ"တွေဟာ..မသိတာကို
ပြောရိုးထုံးစံမရှိပါဘူး..တဲ့
ဝေဘူဆရာတော်ဘုရားကြီးတို့၊စွန်းလွန်းဆရာတော်ဘုရားကြီးတို့၊မိုးညှင်းဆရာတော်ဘုရားကြီးတို့ဟာ ရဟန္တာကြီးများ ဖြစ်ကြတယ်လို့ အစစ်ဆေးခံပြီးမှ သမုတ်ထားကြပါတယ်။
"ဝေဘူဆရာတော်ကြီး"က ဒီလို မိန့်ခဲ့ဘူးတယ်....
"တနေ့ကျရင် ကမ္ဘာ့နိုင်ငံအသီးသီးက လူအမျိုးမျိုးတွေဟာ မြန်မာနိုင်ငံကို
"ဝိပဿနာ"တရားထိုင်ဖို့ရောက်လာကြ
လိမ့်မယ်...အဲဒီအခါကျရင် ကိုယ်က အိမ်ရှင်
အဖြစ်နဲ့ဧည့်ခံကြရလိမ့်မယ် ဒါ့ကြောင့်
သူတို့မေးတာဖြေနိုင်ဖို့ ကိုယ်ကလည်း
တရားများများ ထိုင်ထားကြပါ ...တဲ့"
"မိုးညှင်းဆရာတော်ကြီး"ကလည်းဒီလိုမိန့်ခဲ့ဘူးပါတယ်....
"သာသနာ ၂၅၀၀ ကျော်ရင် စျာန်အဘိဥာဏ်ရသူတွေ ရဟန္တာတွေ လှိုင်လှိုင်ပေါ်လိမ့်ဦးမယ်...တဲ့"
"စွန်းလွန်းဆရာတော်ကြီး"ကလည်း ဒီလိုမိန့်ဘူးခဲ့ပါတယ်.....
"တရားအားထုတ်ကြ ၂၅၀၀ နောက်ပိုင်းဘုရားရှင်လက်ထက် ကလိုပဲ "အရိယာ" တွေအများကြီးပေါ်လိမ့်ဦးမယ်..တဲ့..."
"ရှင်မဟာဗုဒ္ဓဃောသ"ကလည်း "ဝိသုဒ္ဓိမဂ်"မှာ ဒီလိုပြောခဲ့တယ်...
"သာသနာ ၂၅၀၀ ကျော်ရင် သာသနာ"နှစ်၅၀၀" အတွင်းကလိုပဲ ပြန်ဖြစ်မယ်၊
"မဂ်ဖိုလ်"ရသူတွေ "အရိယာတွေ ရဟန္တာတွေ ဖြိုင်ဖြိုင်ပြန်ပေါ်လိမ့်မယ် တဲ့့.."
ဓမ္မမိတ်ဆွေတို့ လည်း သာသနာနဲ့ကြုံခိုက် အချိန်ကောင်းဖြစ်တဲ့ ဒီမျက်မှောက်ဘဝ မှာတင် အချိန်မရွေး "မဂ်ဖိုလ်"ရနိုင်ဖို့ကျင့်ကြံအားထုတ်ကြပါလို့ အသိပေးတိုက်တွန်းရင်း ဓမ္မဒါန ပြု လိုက်ပါသည်။
Credit : Original Author