ပုတီးအလုံးရေ ၁၀၈ လုံး ထားရခြင်းအကြောင်း

 


ရှေးက ချည်ကြိုးများကို အထုံးပြုလုပ် ကြပြီး ဖုထုံး ၃ ခုသာရှိသည့် ၃ လုံးပုတီး ဖြစ်သည်။ ရတနာမြတ် ၃ ပါးအား ( ဝါ ) အနိစ္စ ဒုက္ခ အနတ္တ စသော လက္ခဏါရေး ၃ ပါးအား ရည်စူးကြသည်။

နောင်တွင် အကြောင်းအမျိုးမျိုးအရ အလုံးရေ တိုးလာပါသည်။ ၉ လုံး ။ ၂၇ လုံး။ ၄၅ လုံး။ ၁၀၈ လုံးစသဖြင့် တိုးလာခဲ့သည်။

 

ခုဒ္ဒက နိပါတ် အဌကထာ တွင် ( ဆပညာသ ဗုဒ္ဓဂုဏံ အဌဝီသတိ ဓမ္မဂုဏံ စတုသတိ သံဃဂုဏံ က္ကဒံ ဓမ္မဿ လက္ခဏံ ) ဟု ပုတီး ၏ လက္ခဏါ ကို မိန့်မှာချက်အရ ဤသို့ အလုံးရေ ကွဲပြားလာခဲ့သည်။

ဗောဇ္ဈင် ခုနှစ်ပါး ရည်စူးကာ ၇ လုံး ၊ကိုးနဝင်း ရည်စူးကာ ၉ လုံး ၊ သုံးဆယ့်နှစ် ကောဌာသ ရည်စူးကာ ၃၂ လုံး ၊ဘုရားဝါတော် လေးဆယ့်ငါး ရည်စူးကာ ၄၅ လုံး စသဖြင့် တိုးလာပါသည်။

အသုံးအများဆုံးဖြစ်သည့် ၁၀၈ လုံး ထားရှိရခြင်းနှင့် ပတ်သက်၍ တင်ပြရသော်ဘုရားဂုဏ်တော် ၅၆ ပါး ၊တရားဂုဏ်တော် ၂၈ ပါး သံဃဂုဏ်တော် ၂၄ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။

 

တနည်း

ဘုရားဂုဏ်တော် ၄၈ ပါး ၊တရားဂုဏ်တော်၃၈ ပါး၊သံဃဂုဏ်တော် ၂၂ ပါး စသည်ကို ပူဇော်ကာ ( ၁၀၈ ) လုံး ထားရှိခြင်း။

လောကီနည်းအရ

ဂြိုဟ်သက် ၁၀၈ လုံးအရ လည်းကောင်း။သတ္တမိဿ နက္ခတ် ၁၀၈ လုံးအရ လည်းကောင်း။တြင်းကြေ နဝင်းကြေ ဖြစ်ရန် ၁၀၈ လုံး အရလည်းကောင်း။

ဂါထာမန္တန်များကို ၇ အုပ်မှ ၁၀၀၀၀၀ အတွင်း စိပ်ခြင်း စုပ်ခြင်း ပြုရန် အလုံးအလီကိုက် ၁၀၈ လုံး ထားရှိခြင်း။

ဘုရားစက်လက္ခဏါ ၁၀၈ ပါးအတွက် ၁၀၈ လာံး ထားရှိခြင်း စသဖြင့် မိမိပူဇော်ရာ သန္တန်အလိုက် ၁၀၈ လုံး သည် တွင်ကျယ်လာခဲ့ပါသည်။

ရှေးသူတော်စင် ပညာရှင်များ ယူဆပုံမှာ” လောကီအင်္ဂုတ္ထိုလ်မန္တန်ကျမ်း ” တွင် ဆူးခါးဆရာတော်ကြီး က အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်။

နရဝရ ဖြစ်တော်မူသော မြတ်ဘုရား သာသနာကို ကြည်ညိုလေးမြတ်သော သူတော်ကောင်းတို့သည် သာမထ ဝိပဿနာ ဘာဝနာ နှစ်ပါးကိစ္စ ပြီးဖွယ် အကြောင်းဖြစ်သည်ဟု နှလုံးသွင်းကာ တစ်ရာ့ရှစ်လုံး ပြုလုပ်ရာဝယ်

{{ ဗုဒ်ဓဂုဏဉ်စ ဆပညာသံ။ ဓမ်မဂုဏဉ်စ

အဌတိသံ။ သံဃဂုဏဉစြ စုဒဒြသံ။

ကတွာ သုခံ ဇလံ လာဘတိ }}

ဟူ၍ သာမညဂါထာပြုကာ ဘုရားဂုဏ်တော် ၅၆ ။ တရားဂုဏ်တော် ၃၈ ။ သံဃဂုဏ်တော် ၁၄။ စုစုပေါင်း ၁၀၈ ရသောသင်္ကေတစကားသည် ပါဌိအဌကထာဋီကာများတွင် တိုက်ရိုက်မလာငြား နေယျတ္တ ထောက်ဆဆင်ခြင်က အဆင့်ဆင့်ပင် ဖြစ်သင့်သည် ဟု ဖွင့်ပြပါသည်။

ပုတီးသည် ဗြဟ္မဏာ အစဉ်လာ ဖြစ်သော်လည်း ကောင်းသောစိတ်ရှေးရှု သည့် အမှတ်သင်္ကေတလက္ခဏါ ရေတွက် မှတ်ယူခြင်း ဖြစ်ရာ ယနေ့ ဗုဒ္ဓဘါသာဝင်တို့ လက်စွဲပြုစရာ ဓမ္မသင်္ကေတ အဖြစ် ရှိနေပါသည်။

Credit: Original