ဘုရားတစ်ဆူ ပွင့်တိုင်း၊
မတောင်းပန်ပဲနဲ့"ဝတ္တရားအရ" မြတ်စွာဘုရားတိုင်း တစ်ကြိမ်တည်းသာ ဟောတဲ့
"ဒေဝဒူတသုတ်တရား"တော် ကို "ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး
ပြန်လည်ဟောကြားတော်မူတဲ့ ..." ငရဲဆိုတာဘယ်လိုလဲ၊ ဘယ်လိုနေမှလွတ်မှာလဲ တရားတော်
ကို ချုံးငုံပြီး တင်ပြအပ်ပါသည်။တရားတော်က အနည်းငယ်ရှည်သော်လည်း အဲဒီလို
ပြည့်ပြည့်စုံစုံ ပြန်လည်ဖေါ်ပြမှ အကျိုးထူးစေတာမို့ ဓမ္မမိတ်ဆွေများ အနေဖြင့်
တရားအားထုတ်မှု ၌ ဝိပဿနာ ဉာဏ်များတိုးတက်လာမှုကို အထောက်ကူပြုစေရန်အတွက်
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတဲ့ တရားမူယင်း အပြည့်စုံကို တင်ပြရင်း ဓမ္မဒါန
အဖြစ်မျှဝေလိုက်ပါသည်။
••••••••••••••••••••••••••••••••
"ခန္ဓာဖက် ဉာဏ်လှည့်ရမယ်"
အိမ်မှာနေကြတော့ "အပြင်ဖက်" သာလှည့်နေတယ်၊
ခန္ဓာဖက် လှည့်တယ်ဆိုတာ မပါဘူး။ လှည့်ပြန်တော့ လည်း ဒီခန္ဓာကြီးကို " ရုပ်ဟာ
ငါပဲ ၊ ဝေဒနာ လည်း ငါပဲ၊စိတ်လည်း..ငါပဲ၊ ဆိုပြီး "ဒိဋ္ဌိ"
နဲ့ချည်းလှည့်နေတယ်။ ဉာဏ်နဲ့လှည့်တယ် လို့ ကိုမရှိဘူး။
"ဒိဋ္ဌိ"နဲ့
ခန္ဓာလှည့်နေကြတာ။ အိမ်မှာနေတဲ့အခါ...ဒါဘယ်သူ့ဖို့ တုံး- "ငါ့ဖို့"
ဘာကြောင့်ရှာနေတာတုံး- "ငါစားဖို့"... ဒိဋ္ဌိနဲ့ ခန္ဓာလှည့်နေကြတယ်။
တစ်ခါတလေကျတော့ တဏှာနဲ့ ခန္ဓာလှည့်နေတယ်။ ငါ့သား
ငါ့သမီးဖို့ ရှာနေရတယ်ဆိုတာ "တဏှာ"နဲ့ခန္ဓာလှည့်နေတာ။ ခန္ဓာ ပေါ်မှာ
ဘာလှည့်နေကြသလဲဆိုရင်"ဒိဋ္ဌိ"နဲ့တစ်ခါလှည့်လိုက် "တဏှာ"နဲ့
တစ်ခါလှည့်လိုက်။ "ဒိဋ္ဌိ"နဲ့လှည့်ပြန်တော့လည်း
"ပဋိစ္စသမုပ္ပါဒ်"က "ဆက်" ပြန်တယ်။ "တဏှာ"
နဲ့လှည့်တော့လည်း "ပဋိစ္စသမုပ္ပါဒ်"က ဆက်ပြန်တယ်။
စျေးထွက် ပွဲရုံထိုင် ရောင်းဝယ်ဖောက်ကားလုပ်နေကြတယ်
ဆိုပေမယ့်....
ကြီးကြီးကျယ်ကျယ်ရှာနေ စီးပွားရေးလုပ်နေတဲ့သူကလည်း
"ငါ့ဖို့ ၊ငါ့သားဖို့၊ ငါ့သမီးဖို့" တွေပါပဲ။
အသေးစားစီးပွားရေး
တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်နေတဲ့သူကလည်း "ငါ့ဖို၊့ ငါ့သားဖို၊့
ငါ့သမီးဖို့" တွေပါပဲ။
ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း၊
စာရင်းငှားလုပ်နေတဲ့သူကလည်း.."ငါ့ဖို့၊ ငါ့သားဖို့ ၊ငါ့သမီးဖို့ " ပါပဲ။
နေ့တိုင်း ခန္ဓာဖက်သာ လှည့်ကြတယ်၊
"ဒိဋ္ဌိ"နဲ့လှည့်လိုက်၊ "တဏှာ"နဲ့လှည့်လိုက်။ နေ့တိုင်း
"ငါစားဖို့၊ ငါသုံးဖို့"ဆိုတော့ "ဒိဋ္ဌိ"နဲ့လှည့်တယ်၊
ငါ့သားသမီးတွေ စားဖို့၊ သုံးဖို့ ဆိုတော့ "တဏှာ"နဲ့လှည့်တယ်။ တစ်နေ့လုံး
ဒါနဲ့ဘဲ...ကုန်သွားတယ်။
ခန္ဓာငါးပါးနဲ့ စျေးထိုင်ရောင်းနေကြတယ်ဆိုပါစို့။
ဘာလို့ စီးပွားရှာနေကြတုံးလို့ မေးရင် ကိုယ့်အတွက်ပါဘုရား လို့ ဆိုချင်ဆိုမယ်။
ခန္ဓာငါးပါးကို ကိုယ်လုပ်ပစ်လိုက်တယ်၊ "ဒိဋ္ဌိ"နဲ့ ယူပစ်လိုက်တယ်။
ကိုယ့်အတွက်တော့ လုံလောက်ပါပြီဘုရား၊ တပည့်တော်တို့က
အခြံအရံ နဲ့နေတာ။ အခြံအရံဘက်လှည့်လိုက်တော့ "တဏှာ"နဲ့ ခန္ဓာကို
လှည့်လိုက်တယ်။ ကိုယ့်ဘက်လှည့်လိုက်တော့ ဒိဋ္ဌိ၊ သားသမီး မြေးမြစ် ဆွေမျိုး
အခြွေအရံတွေဘက်လှည့်လိုက်တော့"တဏှာ"။
အသက်က ကြီးလှပြီ။ ဘာလို့
စီးပွားရေးလုပ်နေရတာလဲလို့များမေးရင် ကိုယ့်အတွက် ကိုယ်လုပ်နေရတာပါ။ ဒိဋ္ဌိက
ကိုယ့်ဘက်လှည့်သွားတယ်။ ခန္ဓာကိုယ်ကြီးကို ကိုယ်လို့ထင်လိုက်တယ်။ ဒါမမဟုတ်
ကိုယ်မွေးထားတဲ့ သားသမီးတွေ ကိုယ်မကျွေး၊ဘယ်သူကျွေးမှာတုံး၊ မကင်းရာ
မကင်းကြောင်းတွေက ရှိနေသေးတော့ မလုပ်လို့မဖြစ်ဘူး။ ခန္ဓာကိုယ်ကြီး
"တဏှာ"နဲ့ လှည့်လိုက်တယ်။ "ဒိဋ္ဌိ"နဲ့လှည့်လိုက်၊
"တဏှာ"နဲ့လှည့်လိုက်။ လာမေးတဲ့သူ စကားလာပြောတဲ့သူကို "ဒိဋ္ဌိ"
နဲ့ ဧည့်ခံလိုက်၊ "တဏှာ"နဲ့ ဧည့်ခံလိုက်။ ကိုယ့်အတွက်တော့
လုံလောက်ပါပြီ၊ သားသမီးတွေအတွက် ပိုလုပ်နေရတယ်။ စကားကတော့ လှလိုက်တာ။ သနားစရာတောင်
ကောင်းလောက်တယ်။ အဲဒါ တဏှာနဲ့ ဧည့်ခံနေတာ။ ကိုယ့်ဖို့ပါ ဆိုပြန်တော့ ဒိဋ္ဌိနဲ့
ဧည့်ခံနေတာ။
ဘုစုခရုတွေ ပါဘုရား၊ မှီခိုစားနေကြတာတွေကလည်း
မနည်းဘူး၊ သူတို့ဘဝ သူတို့ မရပ်တည်နိုင်ကြသေးဘူး၊ ဒါကြောင့် ကိုယ်၏ စောင်မခြင်း
နှုတ်၏စောင်မခြင်းနဲ့ မကင်းတရားလေးက ရှိနေတော့ နားလို့မရသေးဘူးဘုရား။ မကင်းတရားက
တဏှာကိုး။ ဒါဖြင့် လူလာတိုင်း ဧည့်ခံနေကြတာ ဒီတရားနှစ်ပါးပဲ။
ဒိဋ္ဌိနဲ့ဧည့်ခံလိုက်၊ တဏှာနဲ့ ဧည့်ခံလိုက်။
ဒီလိုသာ ဖြစ်နေလေတော့ အမြင်ကတော့
စီးပွားရှာနေတာဆိုပေမယ့် အရောက်ကတော့ "အပါယ်လေးပါး" ရောက်ရမယ်။ သီလတရား
နဲ့တော့ အပြစ်မရှိဘူး၊ ထွက်ရပ်လမ်းအစစ်တရား နဲ့ကျတော့ "အပြစ်"ရှိတယ်။
ခန္ဓာကြီးကို ငါစားဖို့ဆိုတော့ "ဒိဋ္ဌိ"စွဲတယ်။ ကိုယ်စားဖို့ရှာတာ ခန္ဓာ
ကိုယ်ထင်တဲ့"ဒိဋ္ဌိ ဝမ်းထဲမှာပေါ်တယ်။ "ဒိဋ္ဌိ"ပေါ်တော့ ဒိဋ္ဌိ
ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ် တဲ့ကံ။ ကာယကံ၊ဝစီကံနဲ့ ပြောလိုက်ဆိုလိုက်တာတွေ။
"ဒိဋ္ဌိ နဲ့ ခန္ဓာ"ကိုယ်ကို စွဲစွဲလမ်းလမ်းဖြစ်တဲ့အခါ
"ဥပါဒါန်"လာလို့ ဒီခန္ဓာကိုယ်ကြီးကို လူချင်းတူတူ သူချင်းမျှမျှ
ဝတ်ရစားရအောင် ပြုမယ် စုမယ်ဆိုတဲ့ ကာယကံ ဝစီကံတွေ နဲ့လုပ်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်
ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ။ ဒါဖြင့် ရှေ့ဆက်တော့ "ကမ္မဘဝပစ္စယာ (အပါယ်ဇာတိ)၊
ဇရာမရဏဆိုပြီး သုံးချက်။
ဘာလို့ရှာကြတာတုံး- ကိုယ်လည်းစားဖို့
(ဒိဋ္ဌိကပြောတာ)။ အဟုတ်ကိုစားဖို့ဆိုပြန်တော့ (ဥပါဒါန်ကပြောတာ)။ ကိုယ်စားဖို့အတွက်
ကိုယ်ရောနှုတ်ရော အားထုတ်ရတာက ကာယကံ၊ ဝစီကံ။ ဒါဖြင့် မသေခင်တော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်
ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ။ နောက်တစ်ခါလှည့်လိုက်ပြန်တော့လည်း ဒီအတိုင်းပဲ။ သေတော့
"ကမ္မဘဝပစ္စယာ" အပါယ်ဇာတိ။ "ဒိဋ္ဌိ"ရှိတဲ့ပုဂ္ဂိုလ်
"အပါယ်"သွားရမှာကိုး။ ကိုယ် စားဖို့ဆိုတာ နဲ့ ခန္ဓာငါးပါးကို
ကိုယ်ထင်ပစ်လိုက်တာ။ "ခန္ဓာ"လို့ မမြင်တော့ဘူး။ ကိုယ်စားဖို့ဆိုတာ
"ဒိဋ္ဌိ"က ပြောတဲ့အသံ။ "ဒိဋ္ဌိ"ကပြောတော့ "ဒိဋ္ဌိ
ဒိဋ္ဌုပါဒါန် ကမ္မဘဝပစ္စယာ" သေသည်၏ အခြားမဲ့၌ "အပါယ်ဇာတိ"။
ကိုယ်ဟူသော အထိမ်းအမှတ်ကို မဖြုတ်နိုင်သေးသ၍ ကာလပတ်လုံး "ဒိဋ္ဌိ"လာမယ်၊
ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ လာမယ်။ ဒါဘာကြောင့် ဖြစ်ရတာလဲဆိုရင်....
"အရိယာဓမ္မ" ကို
မကြိုးစားလို့ ဖြစ်ရတာ။
ဒီ "ပဋိစ္စသမုပ္ပါဒ်" အဆက်ကို
ကိုယ့်"ဉာဏ်နဲ့တားရင်"ရတယ်။ ကိုယ့်ဉာဏ်နဲ့ မှ မတရားရင်တော့
ဘုရားကိုယ်တိုင် ဘေးနားက ထိုင်တားလည်း မရဘူး။ ဘုန်းကြီးက တားလည်းမရဘူး။ ဒါပေမယ့်
"အရိယာဓမ္မ"ကို ကြိုးစားလိုက်ပြန်တော့လည်း ရသွားတယ်။ ဒီနေရာမှာ
"ဉာဏ်"ဝင်လိုက်ရင်လည်း တစ်ချက်တည်းနဲ့ ပြီးပါတယ်။
"ဉာဏ်"မဝင်လို့ကတော့ သွားပြီ။
အိမ်တွင်းကနေ သွားတဲ့"အပါယ်လေးပါး"။
အိမ်တွင်းမှာ စီးပွားရေးလုပ်နေရင်း သွားတဲ့"အပါယ်လေးပါး"။ ကိုယ့်အိမ်ကနေ
အပါယ်သွားမယ်ဆိုတဲ့သဘော သက်ရောက်တယ်။ ကိုယ့်အတွက် လုပ်နေရတာဆိုတော့ ခန္ဓာက
ကိုယ်ဖြစ်ပြီး ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊ သေသည်၏အခြားမဲ့၌
အပါယ်ဇာတိ။ ဒါ ကိုယ့်ဖို့လုပ်ရာကနေ သွားတဲ့အသွား။ ကိုယ့်ဖို့ကတော့ မလိုတော့ပါဘူး၊
သူတို့လေးတွေ လူအောက် သူအောက်မကျအောင် လူ့ဝတ္တရားကလည်း ရှိနေလေတော့
မကင်းရာလေးတွေအတွက်- မကင်းတာက "တဏှာ"။ မကင်းမှု၊ စွဲလန်းတာက
"ဥပါဒါန်"၊ မကင်းမှုကြောင့် "ကာယကံ ဝစီကံ" နဲ့လုပ်တာက
"ကမ္မဘဝ၊ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ"။ ဒါက မကင်းတရား နဲ့ ကျသွားတာ။
ခုနတုန်းကကြတော့ ကိုယ့်ဖို့နဲ့ကျတယ်။ ဒီအတိုင်း
စီးပွားရှာနေငြားသော်လည်း ဒီလို "အပါယ်လေးပါး" သွားနေပါလားဆိုတာ ဘယ်သူမှ
မစဉ်းစားမိဘူး။ စဉ်းစားမိရင်တောင် ဖုံးများ ထားလိုက်ကြသေးတယ်။ ပိုလျှံတာလေးနဲ့
ဆွမ်းလောင်းရတာပေါ့ဘုရား- ဆွမ်းကွမ်းနဲ့ လာဖုံးလိုက်သေးတယ်။ ဖုံးပင်ဖုံးသော်လည်း
ဒီဆွမ်း မတတ်နိုင်ဘူး။ ငါ့ဖို့ပိုမှ လှူတာ၊ သားသမီးဖို့ ပိုမှလှူတာ။
"အပို" အတွက်လှူတော့ "အပိုအတွက်"ပဲရမယ်၊ အပြည့်အစုံတော့မရဘူး။
ဒီနေ့တော့ သိပ်အဆင်မပြေပါဘူး၊ ကိုယ်စား
ဖို့ထမင်းဖိုး ဟင်းဖိုးလောက်ပဲရပါတယ်၊ "ဒိဋ္ဌိ" ပေါ်လာတာ။
ကိုယ့်အတွက်တင်မကဘူး သားတွေ သမီးတွေအတွက်ပါ ရလာတယ်ဆိုတော့ "တဏှာ"လာတယ်။
ဒီကြားထဲ "မဂ်" မသွင်းတော့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ၊
"ကမ္မဘဝပစ္စယာ အပါယ်ဇာတိ"။ ဇာတိကျတော့ ငြင်းလို့ကိုမရဘူး။ ဒါကြောင်း
ဆွမ်းကွမ်းကလေးနဲ့ မဖုံးနဲ့၊ ကျောင်းကလေး ကန်ကလေးဆောက်တာနဲ့ မဖုံးနဲ့။
"ဒိဋ္ဌိ တဏှာ"နဲ့ ကျောင်းဆောက်တာ နဲ့ ဘယ်သူအကြိမ်ရေများသလဲသာ
ချိန်ကြည့်လိုက်။ ကျောင်းဆောက်နေရင်းလည်း "ဒိဋ္ဌိ တဏှာက" လုပ်လျက်ပဲ၊
ဘုရားတည်နေရင်းလည်း လုပ်လျက်ပဲ။ ကျောင်းဆောက်တာကတစ်ခြား၊ စီးပွားရေးကတစ်ခြားဘုရား-
တပည့်တော်တို့ အလုပ်မပျက်ပါဘူး။ လူကသာ ကျောင်းလာနေပေမယ့် အိမ်က ဝင်ငွေက ရှိနေတာပဲ။
အိမ်မှာလည်း "ဒိဋ္ဌိ တဏှာ"မပြတ်ပါဘူး။
အဲဒီကြားကို "အရိယာဓမ္မ" သွင်းပေးလိုက်ပါ။
သွင်းမပေးလို့ရှိရင် အကုန် အပါယ်သွားမယ်။ "အရိယာဓမ္မ" ကမှ
"ပဋိစ္စသမုပ္ပါဒ်" ကို ဖြတ်မှာ။ "အရိယာဓမ္မ" မဟုတ်ရင်
မဖြတ်ဘူး။ ကယ်မယ့်သူဆိုတာ "အရိယာဓမ္မ" ပါပဲ။ "အရိယာဓမ"္မသာ
အားကိုးရာရှိတော့တယ်။ "အရိယာဓမ"္မ ဟာ "ဒိဋ္ဌိ"လည်းဖြတ်တယ်၊
"တဏှာ"လည်းဖြတ်တယ်၊ "ကံ"လည်းဖြတ်တယ်။
လူလားမြောက်တဲ့အချိန်ကစပြီး "တဏှာပဋိစ္စသမုပ္ပါဒ်၊
ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်"လုပ်လာကြတာ။ အကုန် အပါယ်ဒိုင်းဒိုင်းပြေးပဲ။ ဒါကြောင့်
"အရိယာဓမ္မ"ကြိုးစား၊ အချိန်မီသေးတယ်။
( မိုးကုတ်ဆရာတော်ဘုရားကြီး
)(၉-၁၀-၆၁)ရက်နေ့က ဟောကြားအပ်သော ငရဲဆိုတာဘယ်လိုလဲ၊ ဘယ်လိုနေမှလွတ်မှာလဲ
တရားတော်ကို ချုံး၍တင်ပြအပ်ပါသည်။
" ဒေဝဒူတသုတ်"
ရဟန်းတို့ သေမင်းတမန်တို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူမူ-
ရဟန်းတို့...
ဤလောက၌ အချို့သော သူသည် ...
ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊
နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊
စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏။
ထိုသူသည် ကိုယ်ဖြင့် မကောင်းမှုကို
ပြုကျင့်သောကြောင့် နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် စိတ်ဖြင့်
မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌
ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့ သည် အသီးအသီး လက်မောင်းတို့၌ ဆွဲကိုင်၍ ယမမင်းအား
ပြကုန်၏၊
''မင်းမြတ် ဤယောက်ျားသည် အမိ၌ သားသမီးတို့
ကျင့်ဝတ် ချွတ်ယွင်း၏၊ အဖ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ သမဏတို့၌ လူတို့
ကျင့်ဝတ် ချွတ်ယွင်း၏၊ ဗြာဟ္မဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အမျိုး၌ ကြီးသော
သူ (အဖိုး အဖွား ဦးကြီး ဦးလေး စသည်) တို့ကို အရိုအသေမပြု။ မင်းမြတ်သည်
ဤယောက်ျားအား ဒဏ်ပေးတော်မူပါ''
ဟု ပြောဆိုကုန်၏။
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ ထင်ရှား ဖြစ်ပေါ်သော
ပဌမသေမင်းတမန်ကို မမြင်ခဲ့ပါသလော''
ဟု ပဌမသေမင်းတမန်နှင့်
စပ်လျဉ်း၍ မေးမြန်း၏၊ စစ်ဆေး၏၊ ပြောဆို၏။ ''အသျှင် အကျွန်ုပ် မမြင်ခဲ့ပါ'' ဟု ထို ယောက်ျားသည် ပြန်ပြော၏။
ရဟန်းတို့...
ထိုသူကို ယမမင်းသည် ဤသို့ မေးမြန်း၏-
''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌
အိမ်အခြင်ကဲ့သို့ ကိုင်းသော ခါး ကုန်းသော တောင်ဝှေးကို အားထား နေရသော တုန်တုန်ရီရီ
သွားလာနေသော အိုနာ နှိပ်စက်နေသော အရွယ်လွန်သော သွားကျိုးသော ဆံဖြူသော ခေါင်းပြောင်
နေသော ဦးခေါင်းတုန်လှုပ်သော အရေတွန့်လိပ်၍ မှဲ့ခြောက်တို့ဖြင့် ပြိုးပြွမ်းသော
ကိုယ်ရှိသော ပဋိသန္ဓေမှ အသက်အားဖြင့် ရှစ်ဆယ်သော် လည်းကောင်း၊ ကိုး ဆယ်သော်
လည်းကောင်း၊ တစ်ရာသော် လည်းကောင်း ရှိသော အမယ်အိုကို ဖြစ် စေ အဖိုးအိုကို ဖြစ်စေ
မမြင်ခဲ့ပါသလော'' ဟု (မေးပြန်၏)။
''အသျှင် မြင်ခဲ့ပါ၏'' ဟု ထို ယောက်ျားသည် ပြန်ပြော၏။
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ဤသို့ မေး၏-
''အမောင်ယောက်ျား သင်သည် သိကြားလိမ္မာသည်
ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် 'ငါသည် လည်း အိုခြင်းသဘော ရှိ၏၊ အိုခြင်းသဘောကို
မလွန်နိုင်ချေ၊ ငါသည် ယခုအခါ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊
စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့' ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော''ဟု (မေး၏)။ ''အရှင် အကျွန်ုပ်သည် (ကောင်းမှုကို
ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်'' ဟု ထို ယောက်ျားသည် ပြန်ပြော၏။
ရဟန်းတို့...
ထိုသူကို ယမမင်းသည် ဤသို့ ဆို၏-
''အမောင် ယောက်ျား သင်သည်
မေ့လျော့သောကြောင့် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊
စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင် ယောက်ျား အကြင်
အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်း အရာ အားဖြင့် သင့်ကို
မချွတ်ပြုကြကုန် လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊
သင့် ညီအစ်ကိုသည် ပြုသည် မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း
ချစ်ကျွမ်းဝင်သူ တို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုး သားချင်း တို့သည်
ပြုသည်မဟုတ်၊ နတ်တို့သည် ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့သည် ပြုသည် မဟုတ်၊ စင်စစ်
အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို
သင်သည်ပင် ခံစားရ လတ္တံ့'' ဟု (ဆို၏)။ (၁)
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ပဌမသေမင်းတမန်နှင့် စပ်လျဉ်း၍
မေးမြန်းစစ်ဆေး ပြော ဆိုပြီးလျှင် ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော ဒုတိ
ယသေမင်း တမန်ကို မမြင်ခဲ့ပါ သလော''
ဟု ဒုတိယသေမင်းတမန်နှင့်
စပ်လျဉ်း၍ မေးမြန်းပြန်၏၊ စစ်ဆေး ပြန်၏၊ ပြောဆိုပြန်၏။ ''အရှင် အကျွန်ုပ် မမြင်ခဲ့ပါ'' ဟု ထို ယောက်ျားသည် ပြန်ပြော၏၊
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏-
''အမောင် ယောက်ျား သင်သည် လူ့ပြည်တို့၌
အနာဖြင့် နှိပ်စက်အပ်သော ဆင်းရဲခြင်းသို့ ရောက်နေသော ပြင်းစွာ မကျန်းမာသော
မိမိကျင်ကြီးကျင်ငယ်၌ လိမ်းကျံပေရေလျက် အိပ်ရသော သူတစ်ပါး ထူပေးမှ ထနိုင်သော
အိပ်ရာသို့ သူတစ်ပါးတို့ ချီမပို့ဆောင်အပ်သော လူနာမိန်းမကိုသော် လည်းကောင်း၊ လူနာ
ယောက်ျားကိုသော် လည်းကောင်း သင် မမြင်ခဲ့ပါသလော''ဟု (မေးပြန်၏)။
''အရှင် အကျွန်ုပ် မြင်ခဲ့ပါ၏'' ဟု ထို ယောက်ျားသည် ပြောဆို၏။
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ဤသို့ မေး၏-
''အမောင်ယောက်ျား သင်သည် သိကြားလိမ္မာသည်
ဖြစ်ပါလျက်
အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် 'ငါသည်လည်း နာခြင်းသဘော ရှိ၏၊
နာခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်
လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ကောင်းမှုကို ပြုအံ့' ဟု ဤသို့သော စိတ် အကြံသည် မဖြစ်ခဲ့ပါသလော''ဟု(မေး၏)။ ''အရှင် အကျွန်ုပ်သည်ကား (ကောင်းမှု ပြုခြင်းငှါ)
မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်''ဟု ထို ယောက်ျားသည် ပြန် ပြော၏။
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ဤသို့ဆို၏-
''အမောင် ယောက်ျား သင်သည်
မေ့လျော့သောကြောင့် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့်
လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင် ယောက်ျား အကြင် အခြင်းအရာ အားဖြင့်
သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်း အရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို
မကောင်းမှုကို သင့် အမိသည် ပြုသည် မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့်
ညီအစ်ကိုသည် ပြုသည် မဟုတ်၊ သင့် အစ်မနှမသည် ပြုသည် မဟုတ်၊ သင့် အဆွေခင်ပွန်းသည်
ချစ်ကျွမ်း ဝင်သူ တို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်း တို့သည်
ပြုသည်မဟုတ်၊ နတ်တို့ ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့်
သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင်
ခံစားရလတ်တံ့'' ဟု (ဆို၏)။ (၂)
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် ဒုတိယသေမင်းတမန်နှင့် စပ်လျဉ်း၍
မေးမြန်း စစ်ဆေး ပြောဆိုပြီးလျှင် ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော တတိယ
သေမင်းတမန်ကို မမြင်ခဲ့ ပါသလော''ဟု တတိယသေမင်းတမန်ကို
မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ ''အရှင် အကျွန်ုပ် မမြင်ခဲ့ပါ'' ဟု ထို ယောက်ျားသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို
ယမမင်းသည် ဤသို့ မေးပြန်၏- ''အမောင်ယောက်ျား သင်သည်
လူ့ပြည်တို့၌ သေ၍ တစ်ရက်ရှိပြီးသော်လည်း ဖြစ်သော သေ၍
နှစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ သုံးရက် ရှိပြီးသော် လည်း ဖြစ်သော
ဖူးဖူးရောင်နေသော ရုပ်ပျက် ဆင်းပျက် ညိုမဲနေသော ပြည်ကဲ့သို့ စက်ဆုပ်ဖွယ်
အပုပ်ရည်ယိုစီးနေသော မိန်းမ သူသေကောင်ကိုဖြစ်စေ ယောက်ျား သူသေကောင် ကိုဖြစ်စေ သင်
မမြင်ခဲ့ပါသလော'' ဟု (မေး၏)။
''အရှင် အကျွန်ုပ် မြင်ခဲ့ပါ၏''ဟု ထို ယောက်ျားသည် ပြန်ပြောဆို၏။
ရဟန်းတို့ ...
ထို ယောက်ျားကို ယမမင်းသည် ဤသို့ မေးပြန်၏-
''အမောင် ယောက်ျား သင်သည် သိကြားလိမ္မာသည်
ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် 'ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းသဘော ကို မလွန်နိုင်၊
ယခုအခါ ငါသည် ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း
ကောင်းမှုကို ပြုအံ့'ဟု ဤသို့သော စိတ်အကြံသည်
မဖြစ် ခဲ့ပါသလော''ဟု(မေးပြန်၏)။ ''အရှင် အကျွန်ုပ်သည်ကား (ကောင်းမှုကို
ပြုခြင်းငှါ) မစွမ်း ဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်'' ဟု ထိုယောက်ျားသည် ပြန်ပြော၏။ ရဟန်းတို့
ထို ယောက်ျားကို ယမမင်းသည် ဤသို့ ဆိုပြန်၏- ''အမောင် ယောက်ျား သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့် လည်းကောင်း၊
နှုတ်ဖြင့် လည်း ကောင်း၊ စိတ်ဖြင့် လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင်
ယောက်ျား အကြင် အခြင်းအရာ အားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့်
သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည် မဟုတ်၊
သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည်
ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်း ဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့်
ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့
ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို
မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့'' ဟု (ဆို၏)။ (၃)
ရဟန်းတို့ ...
ထိုသူကို ယမမင်းသည် တတိယသေမင်းတမန်နှင့် စပ်လျဉ်း၍
မေးမြန်းစစ်ဆေး ပြောဆိုပြီးသော် ဆိတ်ဆိတ်နေ၏။ ရဟန်းတို့ ထို ယောက်ျားကို
ငရဲထိန်းတို့သည် ငါးမျိုးသော နှောင်ဖွဲ့ခြင်း မည်သော ကမ္မကရဏကို ပြုကုန်၏၊
လောလောပူသော သံစို့ကို လက်၌ ရိုက်နှက် ကုန်၏၊ လောလောပူသော သံစို့ကို
နှစ်ခုမြောက်သော လက်၌ ရိုက်နှက်ကုန်၏၊ လောလော ပူသော သံစို့ကို ခြေ၌
ရိုက်နှက်ကုန်၏၊ လောလော ပူသော သံစို့ကို နှစ်ခုမြောက်သော ခြေ၌ ရိုက်နှက်ကုန်၏၊
လောလော ပူသော သံစို့ကို ရင်အလယ်၌ ရိုက်သွင်းကုန်၏၊ ထိုယောက်ျားသည် ထိုသံစို့ငါး
ချက် ရိုက်သွင်းသော နေရာတို့၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာ
စပ်ရှားကုန်သော ဆင်းရဲ ဝေဒနာတို့ကို ခံစားရ၏၊ အကြင်မျှလောက် ထို မကောင်း မှုကံ
မကုန်သေး၊ ထို မျှလောက် မသေသေးပေ။
ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ဆွဲငင်ကုန်၍
ဓားမကြီးတို့ဖြင့် ခုတ်ဖြတ် ကုန်၏၊ ထိုသူသည် ထိုသို့ ဓားမကြီးဖြင့် ခုတ်ဖြတ်
ခံရသော နေရာ၌ ပြင်းထန် ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲ
ဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံသည် မကုန်သေး ထိုမျှလောက်
မသေ သေးပေ။
ရဟန်းတို့ ...
ထိုသူကို ငရဲထိန်း တို့သည် စောက်ထိုးမိုးမျှော်
ဆွဲကိုင်ကြ၍ ပဲခွပ်တို့ဖြင့် ခုတ်ရွေ ကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်း
တို့သည် ရထား၌ တပ်၍ ရဲရဲညီးသော အလျှံတပြောင်ပြောင် လောင်သော မီးတောက် မီးလျှံနှင့်
တကွသော မြေအပြင်၌ အခေါက်ခေါက် အပြန်ပြန် မောင်းနှင်ကုန်၏။ပ။ ရဟန်းတို့ ထိုသူကို
ငရဲထိန်းတို့ သည် ရဲရဲညီးသော အလျှံ တပြောင်ပြောင် လောင်သော မီးတောက်မီးလျှံနှင့်
တကွသော မီးတောင်ကြီး သို့လည်း တက်စေ ဆင်းစေ ကုန်၏။ပ။ ရဟန်းတို့ ထိုသူကို
ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ ၍ ရဲရဲညီးသော အလျှံ တပြောင်ပြောင်
လောင်သော မီးတောက်မီးလျှံနှင့် တကွသော လောလော ပူ သော သံအိုးကြီး၌ ပစ်ချကုန်၏။
ထိုသူသည် ထို သံအိုးကြီး၌ အမြှုပ်ထလျက် ကျက်သည်ဖြစ်၍ အထက်သို့လည်း တစ်ကြိမ်ပေါ်၏၊
အောက်သို့လည်း တစ်ကြိမ် မြုပ်၏၊ ဖီလာလည်း တစ်ကြိမ် မျော၏။ ထိုသူသည် ထို
သံအိုးကြီး၌ ပြင်းထန်ကုန် သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော
ဆင်းရဲဝေဒနာတို့ကို ခံစားရ ၏၊ အကြင်မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊
ထိုမျှလောက် မသေသေး ပေ။
ရဟန်းတို့ ...
ထိုသူကို ငရဲထိန်းတို့သည် (အဝီစိ) ငရဲကြီး၌ ပစ်ချကြ
ကုန်၏။ ရဟန်းတို့ ထို (အဝီစိ) ငရဲကြီးသည်ကား- အထောင့်လေးခု ရှိ၏၊ တံခါးလေးပေါက်
ရှိ၏၊ ညီညာ သော အဖို့အားဖြင့် ဝေဖန် ပိုင်းခြားအပ်၏၊ သံတံတိုင်းဖြင့် ကာရံအပ်၏၊
သံပြားဖြင့် မိုးထား အပ်၏၊ ထို (အဝီစိ) ငရဲ၏ မြေပြင်သည် သံမြေပြင် ဖြစ်၏၊ အလျှံ
တပြောင် ပြောင် တောက်လောင်နေ၏၊ အလျှံနှင့် ယှဉ်စပ်နေ၏၊ ထက်ဝန်းကျင် ယူဇနာ တစ်ရာ
တိုင်တိုင် ပျံ့နှံ့၍ အမြဲတည်နေ၏ဟု (မိန့်တော်မူခဲ့ပါ၏)။
(ခရီးသွားဖေါ်အချင်ချင်းးလက်ဆင့်ကမ်းမျှဝေခြင်းသာဖြစ်ပါတယ်)
Credit :Original Post