မဂ် နှင့် ဖိုလ် ကွဲပြားပုံ"


 

ဝိပဿနာ အားထုတ်ကြသူ ဓမ္မမိတ်ဆွေများ အနေဖြင့် မိမိတို့ရဲ ့အားထုတ်မှုအလျောက် ရရှိလာကြမဲ့ "မဂ်" " ဖိုလ်" တို့ ၏ အကြောင်း ကို ဗဟုသုတ အနေဖြင့် ကြိုတင် သိချင်၊ နားလည်နေချင်ကြမှာပါ။
ထို့ကြောင့် ဗဟုသုတ ဖြစ်စေရန် အတွက် "မဂ် နှင့် ဖိုလ်" ကွာခြားပုံ ကို ဖတ်ရှုရပြီး မိမိနားလည်သလောက် ဓမ္မမိတ်ဆွေများ လွယ်ကူစွာ သဘောပေါက် ရန် စေတနာဖြင့် မျှဝေလိုက်ပါတယ်။
ပထမအဆင့်အနေနဲ့အစပျိုးရရင်တော့..
မဂ် က"အသေ"၊
ဖိုလ် က "အရှင်" ပေါ့။
"
မဂ်"လေးပါး မှာ ဆိုင်ရာလေးပါး ကျပြီးရင် "မဂ်"က ဆက်ပြီးမဖြစ်ပေါ်တော့တဲ့အတွက်ကြောင့် "သေလေးပါး"လို့ သတ်မှတ်တာပါ။
ဖိုလ်လေးပါးမှာ သူနဲ့ဆိုင်ရာ ဖိုလ်ကို အကြိမ်ကြိမ်ဝင်စားနိုင်တဲ့ အတွက်ကြောင့် "ရှင်လေးပါး"ဟု ခေါ်ဆိုပါတယ်။
သောတာပန်အတွက်ဆိုလျှင် မဂ် ဟာ တစ်ကြိမ်သာဖြစ်ခဲ့ပြီး "ဖိုလ်ဥာဏ်"သည် အကြိမ်ကြိမ်ပြန်ဝင်စားရရှိနိုင်ပါတယ်။
ဝိပသနာဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး သောတာပန်ဆိုင်ရာ "မဂ်" ဟာ တစ်ကြိမ်သာကျပြီး ဖိုလ်ဇော သည် နှစ်ကြိမ်၊ တချို့သုံးကြိမ်ကျပြီး ပြန်လည်ဆင်ခြင်တဲ့ ဥာဏ်ဖြစ်ပေါ်ပြီး တော့ ပထမအဆင့် အောင်မြင်တယ်လို့ခေါ်ပါတယ်။ အရှင်းဆုံးပြောရရင် "သောတာပန်" ဖြစ်ပါတယ်။
အဲဒီနောက် သောတာပန်အဆင့်အတွက်( နောက်ပိုင်းအဆင့်များ အတွက်မဆိုလိုပါဘူး ) "မဂ်ဥာဏ်"ထပ်မဖြစ်တော့ပါဘူး။ ဒါပေမဲ့ မိမိရရှိပြီးသော "သောတာပန် နှင့် ပတ်သက်သော ဖိုလ်ဥာဏ်"အတွက် အကြိမ်ကြိမ်ပြန်လည် ဝင်စားနိုင် ပါတယ်။ အဲဒီ အတွက်ကြောင့် "မဂ်"ဟာ လေးဆင့် အထိအောင်မြင်နိုင်သောလည်း "တစ်ဆင့်"အတွက်"တစ်ကြိမ်"သာကျပါတယ်။ အဲဒီအချက်ကိုတော့.. ဓမ္မမိတ်ဆွေ တို့ကြိုတင်သဘောပေါက်နားလည်ထားရမှာဖြစ်ပါတယ်။

"
ဖိုလ်ဥာဏ်" ကတော့ ဆိုင်ရာ"မဂ်ဥာဏ်"အတွက် အကြိမ်ကြိမ် ပြန်လည်ဝင်စားရရှိပါတယ်။
ဒါကြောင့် ဒီအချက်တွေဟာ "မဂ်ဥာဏ် နှင့် ဖိုလ်ဥာဏ်" ကွာခြားချက်ပင်ဖြစ်ပါတယ်။
ကိလေသာ ကို သတ်ခြင်းဆိုတာ"မဂ်"၊ ရုပ်ဓာတ်၊နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက်၊ ဒါမှမဟုတ် သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမှီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမှီ၊ "မဂ်သဘာဝ"၏ ချုပ်ပြတ်ပုံမျိုး လို "မဂ်အတု" များလည်း သေချာပေါက် ပေါ်ပေါက်ကြပါသေးတယ်။

လောလာထားရသလောက်မျှဝေရရင်....
၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြု လွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊
၂။ ကြောင့်ကြပူပန်ခြင်းကင်းသော စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊
၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိမ်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၄။ ဝီရိယထား၊ သမာဓိအား နှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားပြီး တစ်မှတ်စာလောက် လစ်လပ်သွားတတ်ခြင်း၊
၅။ အမြင်ကလည်းမတိုး၊ ရိုးအီပျင်းရိလာပြီးတော့ ဆန္ဒအားများ ယုတ်လျော့ နိမ့်ပါးသွားကာ ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊
၆။ နုလွန်သောအတွေ့၌ အသိက မလိုက်နိုင်တော့ခြင်းကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ် သွားတတ်ခြင်းများပင်ဖြစ်ပါတယ်။
တကယ်တော့ အဲဒီခြောက်မျိုးဟာ သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှ ဖြစ်သော မသိပြတ်မျိုးချည်းဘဲ ဖြစ်ကြပါတယ်။
မဂ်၏ ချုပ်ပြတ်မှုကား စက္ခုံဥဒပါဒိ ဉာဏဥဒပါဒိ အစချီ ဓမ္မစက္ကပဝတ္တနသုတ်တော် လာ အင်္ဂါငါးပါး နှင့်အညီ သိလျက်က ချုပ်ပြတ်သွားခြင်းမျိုးသာ။

မဂ်အစစ်ကား
မဂ် ကျသည် နှင့် တစ်ပြိုင်နက် ထပ်ချပ်မကွာ ဖိုလ် လို့ခေါ်တဲ့ ကိလေသာ သေဆုံးသွားမှု၏ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ "ဖိုလ် နှင့် မဂ်" တစ်ဆက်တည်းသာ ဖြစ်ပါသည်။

မဂ်အတုတို့ကား
မလစ်လပ်ခင် ကတည်းက အေးလည်းအေး၊မှေးလည်းမှေး အဖြစ်ဖြင့် ဥပေက္ခာ ကပေးသော သာမန် အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာပြီ။

"
မဂ်" ဆိုသည်မှာ သူနဲ့ဆိုင်ရာ ကိလေသာ ကို သတ်ဖြတ်ချလိုက်ခြင်း၊" ဖိုလ်" ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် "မဂ် နှင့် ဖိုလ်" ထိုနှစ်ခင်းတို့သည် အကြောင်းခံနှင့် အကျိုးဆက် ခွဲဖျက် မရစကောင်းသော အတွဲများသာ ဖြစ်ကြသောကြောင့်....
"
မဂ်အစစ်" ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုပြီ။

အတုအစစ် "ခွဲခြားနည်း" မည်သူ့ထံမှလည်း နည်းခံနေစရာ မလိုပြီ။ "မဂ်မသိ ဖိုလ် နဲ့ညှိ " စကားပမာ ချုပ်ပြတ်မှုသိသော အသိ၏နောက်၌ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်မလိုက်ဖြင့် ချိန်ကိုက်သိနိုင်ကြောင်း တင်ပြရင်း ဓမ္မဒါနပြုက်ဆင့်ကမ်းမျှဝေလိုက်ပါသည်။

Credit: original post