" တရားအားထုတ်နေစဉ် ထားရှိရမည့် ' စိတ် ' အကြောင်း "



 

" ဝိပဿနာ"တရားအားထုတ်ကြသူ ဓမ္မမိတ်ဆွေများ အနေဖြင့် မိမိတို့နဲ့သင့်တော်ရာ ကမ္မဌာန်း ကို ရှုမှတ်နေ

ကြသော်လည်း၊ မည်သည့် ကမ္မဌာန်းကိုဘဲ ရှုရှု "စိတ် နဲ့ မတွဲဘဲ" နဲ့လုပ်လို့မရနိုင်ပါဘူး..။ ဘယ် ကမ္မဌာန်း ကို ဘဲရှုရှု " စိတ်" နဲ့ ဒွန်တွဲနေတယ် ဆိုတာ နားလည်ထားကြမှာပါ..။အဲဒီလို မရှုမှတ်ကြခင် ဝိပဿနာ ရှုတဲ့ အခါမှာ ထားရမဲ့ "စိတ်" ဆိုတဲ့ သဘောလေး ကို အကြမ်းဖျင်း အားဖြင့် သိထားပါက မိမိတို့ရဲ့ကျင့်ကြံအားထုတ် မှု

 မှာအထောက်ကူ ဖြစ်စေပါတယ်။ဒါ့ကြောင့် ဓမ္မမိတ်ဆွေတို့အတွက်အဲဒီလို "ဝိပဿနာ" ကျင့်ကြံအားထုတ်မှု

 မှာအထောက်ကူဖြစ်စေဖို့အတွက် သိထားသင့်တယ် လို့ ယူဆမိပါ၍ ကျင့်ကြံအားထုတ်ရာမှာ ထားရှိရမဲ့ "စိတ်"ကလေး အကြောင်း လက်လှမ်းမီသလောက် ဓမ္မဒါနပြုလိုက်ပါသည်။


                တကယ်တော့ " စိတ်" ဆိုတဲ့ သဘော၊ သဘာဝက ဖြူစင် ကြည်လင် တောက်ပ လျက်ရှိပါတယ် ။

ဒါပေမဲ့ သံသရာ တလျှောက်လုံး မှာ မိမိ တို့ ရဲ့လောဘ၊ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာ တွေ နဲ့ဖုံးလွှမ်းနေ

ခဲ့ရတဲ့ အတွက်ကြောင့်၊ ဒီစိတ် လေးဟာ အရောင်မထွက်တော့တာပါ၊ ညစ်ညမ်းနေတော့တာပါ...ဘဲ။ရက်ရှည်တရားစခန်းဝင်ကြတဲ့ အခါမှာ အများအားဖြင့် "ဝိပဿနာ" ကို မရှုခင်၊"သမာဓိ" ထူထောင်ကြရတာ

များပါတယ်၊"သမာဓိ" အား ကောင်းလာမှ ဝိပဿနာ ရှုတဲ့အခါ အထောက်အပံံ့ဖြစ်စေပါတယ်၊ဒါက တစ်ခါမှ တရားမထိုင်ဘူးသူတွေ အတွက်ပြောပြတာပါ။ဒီတော့.. အဲဒီလို သမာဓိ ထူထောင် တဲ့အခါ တချို့လည်း တစ်ရက် ကနေ သုံးရက်အထိ စသည်ဖြင့် ပေါ့...။ ဒီလိုနဲ့သမာဓိ အား ကောင်းလာတာ နဲ့အမျှ ခုန ပြောတဲ့ ကိုယ်ရဲ ့ညစ်ညမ်းနေပါတယ် ဆိုတဲ့ "စိတ်" လေး က...အရောင်ထွက်လာပါတယ်၊ "တောက်ပ" လာပါတယ်။


အဲဒါ ဘာလို့ဖြစ်တာတုန်း ဆိုတော့ အခုလို တရားစခန်းမှာ နေ့စဉ် တစ်နေကုန် "သမာဓိ" ထူထောင်ဖို့သာ မှတ်

ရှုနေရတဲ့ အတွက်ကြောင့် အိမ်မှာနေတုန်းကနဲ့မတူတော့ဘဲ၊ လောဘ၊ဒေါသ၊မောဟ စတဲ့ "ကိလေသာ" တွေဟာတဖြည်းဖြည်း လျော့ပါးလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ တရားထိုင်တဲ့ ဒီယောဂီ မှာဘာတွေမြင်လာမလဲ ဆိုတော့.. "အရောင်တွေ မြင်လာတယ်၊ စိတ်တွေ ကြည်လင်လာတယ်၊ အရောင်တွေဟာ ဟိုပြေး၊ဒီပြေး နဲ့တချို့ဆိုရင် မျက်စိ ကြိမ်းလောက်အောင် စူးရှတဲ့ အရောင်တွေ" မြင်လာကြပါတယ်။ တရားစခန်း ရိပ်သာဝင်ဘူးတဲ့ ဓမ္မမိတ်ဆွေ များ ဆို သဘောပေါက်မှာပါ။ဒါတွေဟာ သဘာဝပါ..။စိတ်ကြည်လင်လာလို့...တကယ်တန်း "သမာဓိ" အရမ်းကောင်လာတဲ့ ပုဂ္ဂိုလ်ဆိုရင် ခန္ဓာကိုယ်ကတောင် အရောင်တွေထွက်တာရှိတတ်ပါတယ်။ဒါကတော့ ကြုံတုံးသိအောင်ပြောတာပါ။

လောကီမှာ ပုထုဇဉ်တို့ သတ်မှတ် မှည့်ခေါ်ထားတဲ့ နာမည် အခေါ်အဝေါ် (နာမပညတ်)တွေကို အမှန်အဖြစ် စွဲ

မှတ်လက်ခံထားကြတဲ့ အတွက်ကြောင့် စိတ်ဟာညစ်နွမ်း နောက်ကျိ နေရခြင်းလည်း ဖြစ်ပါတယ် ။လူ၊ တိရိစ္ဆာန်၊ ယောက်ျား၊ မိန်းမ၊ သစ်ပင်၊ အိမ်၊ အစရှိတဲ့ ဒီနံမယ်တွေဟာ ဟိုးအယင် ကတည်းက လူတွေ မှ

ည့်ခေါ်ထားတဲ့...မျက်စိ နဲ့မြင်နေရ တဲ့အဆင်း၊ ပုံသဏ္ဌာန် (အဆင်းအာရုံ) အမျိုးမျိုးတွေကို ခေါ်ဝေါ်သတ်မှတ်ထားကြခြင်းဖြစ်ပါတယ်။

ဘယ် အဆင်းပုံစံ ကတော့ ကောင်းတယ်၊ ဘယ် အဆင်းပုံစံ ကတော့မကောင်းဘူး ဆိုပြီး လူတွေကဘဲ

 သတ်မှတ်ကြပါတယ်။အဲဒီလို သတ်မှတ်ချက်တွေ ၊ လှည့်စားမှုကြောင့် စိတ် ဟာ ဆိုလိုရှိရင် ဒါတွေကို "အမှန်" လို့ဘဲ ထင်လာပါတော့တယ် ။ လူအများစုက ကောင်းတယ် လို့သတ်မှတ်ထားတဲ့ အဆင်း ဆိုရင် ကိုယ့် စိတ်ကလည်း ကောင်းတယ်ထင်ပါတယ်။ မကောင်းဘူး လို့သတ်မှတ်ထားရင် ကိုယ့်စိတ် ကလည်း မကောင်းဘူး လို့သာ ထင်ပါတော့တယ် ။

အဲဒီမှာ "ကောင်းတယ်"လို့ ထင်ပါက လိုချင်သည့် လောဘ ဖြစ်လာပြီး ၊ မကောင်းဘူး လို့ထင်ပါက မကျေနပ်

တဲ့ဒေါသ ဖြစ်လာပါလိမ့်မယ် ။အဲဒီအချိန်မှာ ဖြူစင်နေတဲ့ "စိတ်"ဟာ အထက်ပါပြောပြတဲ့ သတ်မှတ်ထားချက်(ပညတ်) တွေ ကြောင့် နောက်ကျိ၊ ညစ်နွမ်း ရလာပါတော့တယ် ။

နောက်တစ်ခါ အဆင်းအာရုံ ၊ အနံ့အာရုံ ၊ အရသာအာရုံ တို့ဟာ တစ်မျိုးတည်းပင် ဖြစ်နေသော်လည်း စိတ်ကို

 လှည့်စားကာ တစ်ယောက်နှင့် တစ်ယောက် သတ်မှတ်ချက် ကွဲပြားခြားနား ကြပြန်ပါတယ် ။

ဥပမာအနေနဲ့ပြောရရင်... ဒူးရင်းသီး ကို မောင်ဖြူ နှင့် မောင်မဲတို့ အတူတကွ တွေ့မြင်နေကြတယ် ဆိုကြပါစို။

 အနံ့ကိုလည်း အတူတကွ ရနေကြပါတယ်။သူတို့နှစ်ဦး ဟာ ဒူးရင်းသီး ကို စားကြတဲ့ အခါ ဒူးရင်းသီး ရဲ့"အနံ့ နဲ့အရသာ"ဟာ နှစ်ယောက်လုံး ကို တစ်မျိုးတည်းသော " အနံ့အာရုံ နဲ့အရသာအာရုံ ကို ရစေပါတယ်။

ဒါပေမဲ့ မောက်ဖြူ ဟာ" မွှေးပြီး ချိုတယ် ၊ ဒါ့ကြောင့် ကြိုက်တယ်" လို့ဆုံးဖြတ်ပါတယ်။ မောင်မဲ ကတော့

 "နံပြီးစားရတာ အီလယ်လယ်ဖြစ်လို့မကြိုက်ဘူး" လို့ဆုံးဖြတ်ပါတယ်။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ အမှန် လို့မဆိုနိုင်ဘဲခံစားသူရဲ့ မျက်စိလည်မှု"သာပင်ဖြစ်တယ် လို့ဆိုပါရစေ။ကြိုက်နှစ်သက်တဲ့... မောင်ဖြူ ကတော့ လောဘစိတ် ဖြစ်ပေါ်နေပြီး၊ မကြိုက်နှစ်သက်တဲ့ မောင်မဲ မှာ ဒေါသစိတ်ဖြစ်ပေါ်နေပါလိမ့်မယ်။


ဒါ့ကြောင့် နှစ်ယောက်လုံး ရဲ့စိတ် ဟာ "အဆင်းအာရုံ ၊ အနံ့အာရုံ" တို့ကို "ကိလေသာအာရုံ"သို့ ပြောင်းလဲ

ဖြစ်ပွားစေပြီး တော့ စိတ်ကို ညစ်နွမ်း နောက်ကျိ စေပါတော့တယ် ။ အဲဒီလို ဖြစ်ရတာဟာ သူတို့ ရဲ့စိတ် ကို

 သတ်မှတ်ထားချက်(ပညတ်)များက ချယ်လှယ်နေတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။

လေးဘက်သွားခါစ ကလေးငယ် တစ်ယောက် အနေနဲ့ ကတော့ ဒူးရင်းသီးမှန်းလည်း မသိ ၊ စား၍ရမှန်းလည်း

 မသိ၊ စားလည်းမစားဘူး ... တဲ့ အတွက်ကြောင့် အဲဒီ ကလေးဟာ ဒူးရင်းသီးကို မြင်နေရသော်လည်း လောဘစိတ်လည်းမဖြစ် ၊ ဒေါသစိတ်လည်းမဖြစ် ၊ ကလေးငယ် ရဲ့စိတ် ဟာ ဖြူစင် ကြည်လင်လျက်ပင် ရှိနေပါတော့တယ်။

ဘာဖြစ်လို့လဲ ဆိုရင် လူတွေ သတ်မှတ်ထားတဲ့ အသီးနံမည်လဲ သူမသိ ၊ မွှေးသည်နံသည်ကိုလည်း သူမသိ၊

စား၍ရသည်ကိုလည်း မသိ ၊ ဒါ့ကြောင့် အခုလို သတ်မှတ်ထားတဲ့ နာမပညတ် နှင့် ကောင်းတယ်၊ မကောင်းဘူး သတ်မှတ်ချက်တို့ဟာ ကလေးငယ် ရဲ့စိတ်ကို အနှောက်အယှက်မဖြစ်စေတော့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ ကလေးငယ်ရဲ့မျက်စိဟာ အဆင်းအာရုံ (ပရမတ်) အဖြစ်ဖြင့်သာ မြင်ပြီး ၊ လူတို့ ရဲ့သတ်မှတ်ချက် (ပညတ်) တို့ကသာကလေးငယ်ရဲ့စိတ်ကို၊ကိလေသာအာရုံ မဖြစ်စေဘဲညစ်နွမ်းနောက်ကျိ ခြင်းမဖြစ်ပေါ်စေနိုင်တဲ့ အတွက်ကြေင့် သာပင် ဖြစ်ပါတယ်။

နောက်တစ်ဖန် စက္ကူအပိုင်းစ တစ်ခု နှင့် ပိုက်ဆံစက္ကူ တို့ကို ကလေးငယ်နှင့် လူကြီးတစ်ဦးတို့ အတူတွေ့မြင်ရ

သည်ရှိသော် ၊ ကလေးငယ်က အဆင်းအာရုံ (ပရမတ်) အဖြစ်သာမြင်ပြီး မည်သည့်ကိလေသာစိတ်မျှ မဖြစ်

ပေါ်ဘဲဖြူစင်ကြည်လင်လျက်ပင် ရှိနေပါလိမ့်မယ်။ လူကြီးအတွက် ကတော့ သတ်မှတ်ထားချက်(ပညတ်)ကို သိရှိလက်ခံထားသဖြင့် ပိုက်ဆံစက္ကူပေါ်၌ လောဘဖြစ်ခါ ၊ ကိလေသာစိတ်ဖြင့် ညစ်နွမ်းရတော့မှာဖြစ်ပါတယ် ၊အဲဒီသဘောပါ။

ဒါ့ကြောင့် ဘယ်အရာကိုမြင်မြင် အဆင်းအာရုံ အဖြစ်ကနေ မကျော်လွန်စေဘဲ သတ်မှတ်ထားတဲ့ ပညတ်ချက်

တို့ကိုအသိအမှတ်လည်း မပြု ၊ မေ့ဖျောက်ထားလပြီး ရှုကြည့်နိုင်မယ် ဆိုလိုရှိရင် ကိလေသာစိတ် မဖြစ်စေဘဲ စိတ်ညစ်နွမ်းခြင်းကင်းပြီ ဖြူစင်ကြည်လင်နေမည်သာဖြစ်ပါတယ်။အဲဒီလို ဘဲ အနံ့အာရုံ ကိုလည်း သတ်မှတ်ထားတဲ့ မွှေးတယ်၊ နံတယ်၊ ကောင်းတယ်၊ မကောင်းဘူး စတဲ့ ပညတ်ချက် တွေ နဲ့သုံးသပ်မယ်ဆိုရင်တော့ ကြိုက်ရင် လောဘ၊မကြိုက်ရင် ဒေါသ၊ ဖြစ်ကာ ကိလေသာ တိုးပွားစေပြီး စိတ်ဟာ ညစ်နွမ်းနောက်ကျိ ရလေ ဖြစ်မှာပါဘဲ ။ ဒါကြောင့်မို့သတ်မှတ်ထားတဲ့ ပညတ်ချက် အထိ မရောက်စေဘဲ အနံ့အာရုံ(ပရမတ်) ကို နံတယ်ဆိုတာထက် မပိုသွားခဲ့ဘူးဆိုရင် ကိလေသာအာရုံ မဖြစ်စေတော့ဘဲ စိတ် ဟာ ဖြူစင်ကြည်လင်လျက်သာ ရှိနေမှာဘဲ ဖြစ်ပါတယ်။


ထိုနည်းတူစွာ.....အသံအာရုံကို ကြားလျှင်လည်း သာယာသံ၊ ဆူညံသံ၊ ဟူသည့် သတ်မှတ်ချက်ကို မရောက်စေ

ဘဲအသံအာရုံ အဖြစ်သာ ကြားသည်ဆိုရုံထက် မပိုရအောင် စောင့်ရှောက်ထိန်းသိမ်းနိုင်မည်ဆိုပါက ကိလေသာညစ်နွမ်းစိတ်တို့မဖြစ်စေဘဲ စိတ်မှာ ဖြူစင်ကြည်လင်လျက်သာ ရှိနေပေလိမ့်မည်။ဓမ္မမိတ်ဆွေတို့ဖြစ်ဖူးကြမှာပါ တစ်ခါတစ်လေ မှာ ကိုယ်က အာရုံ တစ်ခု ကို စူးစိုက်နေရင်း က.. အခြားအသံ

တစ်ခုခု ကြားလိုက်တယ်။ဒါပေမဲ့ ကြားတာထက်မပိုဘူး။ စိတ်က သွားမစူးစမ်းမိဘူး။ ပြီးတော့မှ ခုန ဘာအသံ

လဲလို့ကိုယ့်ကို တစ်ယောက်ယောက် က လာမေးတဲ့ အခါကျမှ.. "ဟုတ်တော့ ဟုတ်တယ် ကြားလိုက်မိတယ်...ဘာအသံမှန်းမသိလိုက်ဘူး" ကြုံဖူးကြမှာပါ။ အဲဒီလိုမျိုး ဖြစ်တာကို ဆိုလိုတာပါ။


အဲဒီတော့ ကိလေသာ အာရုံ မဖြစ်တော့ဘူး။ ဒါကြောင့် တရားအားထုတ်နေစဉ် ကိုယ့်ကမ္မဌာန်း ကို ပွားများနေ

တဲ့အချိန် အဲဒီလို မျိုး အသံကြား ရတာမျိုးကြုံအုံး လာမှာပါ။ ဓမ္မမိတ်ဆွေတို့စမ်းကြည့်ပါ။ ရှေ့ဆက်ရရင် စားသောက်တဲ့ အခါ မှာ လည်း ချိုတယ်၊ ခါးတယ်၊ ငံတယ်၊ပေါ့တယ်၊ စပ်တယ်၊ ကောင်းတယ်၊ ဆိုးတယ် စတဲ့ပညတ်ချက် တွေကို လျစ်လျူရှုပြီး အရသာအာရုံ ကိုသာ သိတဲ့စိတ်မှာ ဘဲ ရပ်ထားရန် အကောင်းဆုံးဖြစ်ပါတယ်။အဲဒီလိုဘဲ အားထုတ်ရမှာပါ ။


ပြင်ပ အရာဝတ္ထု၊ လူပုဂ္ဂိုလ် တို့နှင့် ထိတွေ့ဆက်ဆံရလျှင်သော်လည်းဘဲ ၊ မိမိ ရဲ့ခန္ဓာအတွင်း မှ ဖြစ်ပေါ်လာတဲ့

 အတွေ့အာရုံ များ နဲ့တွေ့ထိလာခဲ့ရင် သော်လည်းကောင်း ၊ ပူတယ်၊ အေးတယ် ၊ မာတယ်၊ ပျော့တယ်၊ နာ

တယ်၊ကျင်တယ်၊ ကောင်းတယ်၊ မကောင်းဘူး စတဲ့ သတ်မှတ်ပညတ်ချက် တွေကို မရောက်စေဘဲ နဲ့ ၊ အတွေ့အာရုံနှင့်တွေ့ထိမှု ဖြစ်နေတယ်ဟူ၍သာ စိတ်ကို ရပ်ထားမယ် ဆိုလို့ရှိရင် ကိလေသာစိတ် နဲ့ခံစားရတဲ့ဝေဒနာ မဖြစ်စေတော့ဘဲ သက်သက်သာသာ နဲ့ပင် စိတ်သည် ကြည်လင်လန်းဆန်းနေပါလိမ့်မယ်။


ပုထုဇဉ်တို့ဟာ တကယ် မရှိသည်များကို အချင်းချင်း ပြောဆိုဆက်ဆံ နားလည်နိုင်စေရန် နံမယ်တွေ နဲ့

သတ်မှတ်ခေါ်ဝေါ် သုံးစွဲနေကြရခြင်းသာပင်ဖြစ်ပါတယ်။

ဒါကြောင့် ဝိပဿနာ ဘာဝနာကို ပွားများကြရာ၌ --

အဆင်းအာရုံကို မြင်တဲ့အခါ အဆင်း ဆိုတာ ထက် မပိုပါစေနဲ့ ၊ မြင်တဲ့စိတ်မှာပဲ ရပ်ထားပါ ။ ( မြင်လျှင် မြင်

တယ်လို့သာ ရှုမှတ်ပါ ) အသံအာရုံကို ကြားရာမှာ လည်း အသံ ဟူသည်ထက် ပိုမသွားပါစေနဲ့ ၊ ကြားတဲ့စိတ်မှာပဲ ရပ်ထားပါ ။ ( ကြားလျှင် ကြားတယ် လို့ ရှုမှတ်ပါ ) အနံ့အာရုံကို နံသည်တွင် အနံ့ ဟူသည်ထက် ပိုမသွားစေနဲ့ ၊ နံတဲ့စိတ်မှာပဲ ရပ်ထားပါ ။ ( နံလျှင် နံတယ် လို့ရှုမှတ်ပါ )...... ဆိုပြီး တရားပြ ကမ္မဌာန်းဆရာတို့မှ ဆုံးမညွှန်ကြားလေ့ ရှိကြပါတယ် ။

ဓမ္မမိတ်တွေများအတွက် အထက်က ရေးသားဖေါ်ပြခဲ့သော အကြောင်းအရာတို့မှာ ဝိပဿနာ ဘာဝနာ

 ပွားများရာတွင် သတိအမှတ်ပြု ရှုမှတ်ရမည့် " စိတ် " နှင့် စိတ်ကို ဖြစ်ပေါ်စေသော " အာရုံ " များကို အကျဉ်းအားဖြင့်သိသာရန်သာ ဖေါ်ပြရခြင်းသာဖြစ်ပါတယ် ။

(ခရီးသွားဖေါ်အချင်းချင်းလက်ဆင့်ကမ်းစာစောင်မျှဝေခြင်းသာဖြစ်ပါသည်)

Cridit : Original