"ဝိပဿနာဉာဏ်"ဆိုတာ ဘယ်လို"ဉာဏ်"ကိုပြောတာလဲ


"ဝိပဿနာ" စတင် အားထုတ်ကြမဲ့ဓမ္မမိတ်ဆွေများအနေဖြင့် "ဝိပဿနာဉာဏ်"ဆိုတာ ဘယ်လို"ဉာဏ်"ကိုပြောတာလဲ၊ ဒီဉာဏ်ဖြစ်အောင် ဘယ်လိုအရာကို ရှုမှတ်ရတာလဲ ဆိုတာ မသိရှိသေးသူ ဓမ္မမိတ်ဆွေများရှိကောင်းရှိနိုင်ပါတယ်။ဝိပဿနာဉာဏ် ဆိုတဲ့စကားလုံး ကြားဖူးသော်လည်း မသိနားမလည်သူ ဓမ္မမိတ်ဆွေများလည်း ရှိကောင်းရှိနိုင်မှာပါ။ မိမိတို့ကျင့်ကြံအားထုတ်မဲ့ တရားအားထုတ်မှု ၌ အထောက်ကူဖြစ်စေရန် အလို့ငှာ ဖတ်ရှုထားမိသော "မဟာစည်ဆရာတော် ကြီး" ရဲ့ ဝိပဿနာရှုနည်း အခြေခံ နည်းစနစ်ဖြစ်တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေ အပေါ်မှာ ပါတဲ့ နည်းစနစ်လေးကို ဓမ္မမိတ်ဆွေများ နားလည်လွယ်အောင် အတွက်ပြန်လည်ရေးသား တင်ပြခြင်းပြ၍ ဓမ္မဒါန ပြုရခြင်းဖြစ်ပါတယ်။

"
ဝိပဿနာဉာဏ်"ဆိုတာ....
ဘယ်ဟာ ရှုလို့ ဝိပဿနာဉာဏ် ဖြစ်သလဲ ဆိုတော့.......
စွဲလန်းနိုင်ရာ၊ ခန္ဓာငါးပါး ကို မှန်ကန်စွာရှုရင် "ဝိပဿနာဉာဏ်" ဖြစ်ပါတယ်။
"
ဝိပဿနာဉာဏ်"ဆိုတာ ဘယ်လို"ဉာဏ်"ကို ပြောတာလဲ၊ ဒီ"ဉာဏ်"ဖြစ်အောင် ဘယ်လိုအရာကို ရှုမှတ်ရတာလဲလို့ မသိနားမလည်လို့ မေးလာတဲ့ သူတွေကို ဝိပဿနာဉာဏ် ဆိုတာ တစ်ခြားမဟုတ်ပါဘူး၊ ခန္ဓာငါးပါး အပေါ် အမှန်အတိုင်း ရှုမှတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ မဂ်ဉာဏ် ကို ဆိုတာဖြစ်ကြောင်း၊ ဒီ ဝိပဿနာဉာဏ် ဖြစ်ပေါ်ဖို့အတွက် ခန္ဓာငါးပါး ကိုပဲ အရှိအတိုင်း အမှန်အတိုင်း ရှုမှတ်ရမှာဖြစ်ကြောင်း တိုတိုနဲ့ လိုရင်းမိန့်ဆိုထားပါတယ်။
မှန်ပါတယ်။ ဝိပဿနာရှုတယ် ဆိုတာ တစ်ခြားအရာတွေကို ရှုတာမဟုတ်ပါဘူး။ ယောဂီပုဂ္ဂိုလ်အားလုံးဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့ "ခန္ဓာ"ကို ပဲ ရှုတာဖြစ်ပါတယ်။ "ခန္ဓာ"ဆိုတာ "အစုအဖွဲ့"ကို ပြောတာပါ။
ဒီခန္ဓာကို အသေးစိပ်ခွဲလိုက်ရင်....
၁။ ဖေါက်ပြန်ပျက်စီးတတ်သောသဘောကို "ရူပက္ခန္ဓာ"ဟုခေါ်ပါတယ်။ ခြေအစ ခေါင်းအဆုံး ခန္ဓာကုိယ်ကြီးသည် "ရူပက္ခန္ဓာ"မဟုတ်ပါ။
၂။ခံစားတတ်သောသဘောကို "ဝေဒနက္ခန္ဓာ"ဟုခေါ်ပါတယ်။
၃။မှတ်သားတတ်သောသဘောကို သညက္ခန္ဓာဟုခေါ်ပါသည်။ (သင်ညက်ခန်ဒါ ဟု အသံထွက်ပါသည်။)
၄။စေ့ဆော်တိုက်တွန်းတတ်သောသဘောကိုသင်္ခါရက္ခန္ဓာဟုခေါ်ပါသည်။
၅။အာရုံကိုသိတတ်သောသဘောကို ဝိညာနက္ခန္ဓာဟုခေါ်ပါသည်။ (ဝိန်ညာနက် ခန္ဓာဟု အသံထွက်ပါသည်။)
ပရမတ္ထခန္ဓာ ၅-ပါးတို့သည် သဘောတရားသက် သက်မျှသာဖြစ်၍ အကောင်အထည်၊ အရည်အဖတ်၊ ဒြပ်အားဖြင့် လုံးဝမရှိ ကြောင်းနားလည်ထားရပါမှာ ဖြစ်ပါတယ်။
ဒီငါးပါးကိုပဲ ခန္ဓာငါးပါးလို့ ဆိုတာဖြစ်ပါတယ်။(ခန္ဓာ-၅ပါးအကြောင်း နောက်စာမျက်နှာမှာ ဖေါ်ပြပေးပါမည်)
ဒီ "ခန္ဓာငါးပါး"မှာ "ရူပက္ခန္ဓာ"ဆိုတဲ့ "ရုပ်"ခန္ဓာက တစ်ပါး ထဲ ဖြစ်ပြီး ကျန်တာတွေကတော့ "နာမ်"ခန္ဓာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာငါးပါးဆိုတာ အလွယ်ပြောရရင် "ရုပ် နဲ့ နာမ်" ပဲ ဖြစ်ပါတယ်။ ဝိပဿနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီ နာမ်ရုပ်နှစ်ပါး မှာပဲ အရှိအတိုင်း အားထုတ်နေမယ်ဆိုရင်တော့ "ဝိပဿနာဉာဏ်" တွေ ဖြစ်နေမှာ ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီ "ခန္ဓာငါးပါး" လို့ခေါ်တဲ့ "ရုပ် နာမ်" နှစ်ပါးကို...
ဘယ်အတွက်၊ ဘယ်လိုဟာတွေကို ဘယ်လို ရှုရမှာလဲ ဆိုတော့" ခန္ဓာငါးပါး" ဆိုတာ "စွဲလန်းတတ်တဲ့"အတွက် အဲဒီအပေါ်မှာ "မစွဲမိအောင်" ဒီနာမ်ရုပ်နှစ်ပါး ရဲ့" ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်" ကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမှတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခန္ဓာငါးပါးဟာ သတ္တဝါတွေအတွက် စွဲလန်းစရာ ဖြစ်လို့ သူ့ကို "ဥပါဒါနက္ခန္ဓာ"လို့လည်း ခေါ်ပါတယ်။
"
ဥပါဒါန်"ဆိုတာ "စွဲလန်းမှု"ကို ပြောတာဖြစ်ပါတယ်။
ဒီ"စွဲလမ်းမှု"ကို အမှန်အတိုင်း မသိတဲ့ အတွက်ကြောင့် မို့ သတ္တဝါတွေ ဟာ ရုပ် ကိုလည်းစွဲမိနေ၊ စိတ် ကိုလည်း စွဲမိနေတော့တာ ဖြစ်ပါတယ်။ ဒီလို စွဲလန်းနေမိကြတာဟာ "မသိတဲ့"အတွက်ကြောင့် ဖြစ်ပါတယ်။ ဖြစ်ခိုက်ဖြစ်စဲကို "မသိတဲ့"အတွက် လှတယ်၊မလှဘူး၊ ကောင်းတယ်၊မကောင်းဘူးစတဲ့ အစွဲတွေ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိကြမယ်ဆိုရင် အဲဒီလို အစွဲတွေ ရှိတော့မှာ မဟုတ်ပါဘူး။

ဆိုကြပါစို့....
ခံစားမှု တစ်ခုခုဖြစ်တဲ့အခါမှာ ဒါဟာ "ဝေဒနာ"ပဲလို့ မသိလိုက်ရင်တော့ ဘာတွေ ဖြစ်လာမလဲဆိုတော.." ကောင်းတယ်၊မကောင်းဘူး" ဆိုတဲ့ အစွဲတွေဖြစ်လာပြီး ကောင်းရင်..."လောဘ" ဖြစ်လိုက်၊ မကောင်းရင် ..."ဒေါသ" ဖြစ်လိုက်၊ ဆိုတာတွေ ဖြစ်ကုန်တတ်ပါတယ်။ စိတ်မှာ ရာဂစိတ်ဖြစ်တဲ့အခါမှာလည်း အဲဒီရာဂစိတ်ဖြစ်တဲ့ အခိုက်ကို မသိလိုက်ရင် ဒီစိတ်ရဲ့ စွဲရာကိုပါသွားပြီး ဟိုတွေး၊ဟိုကြံ၊ဟိုဟာဖြစ် ၊ဒါဖြစ်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။
အကယ်၍....
ဒါဟာ "ဝေဒနာ"ပဲ၊ ဒါဟာ "ရာဂစိတ်" ပဲလို့ အဲဒီအခိုက်မှာ သိလိုက်နိုင်မယ်ဆိုရင်တော့ စွဲလန်းမှုမရှိတော့ဘဲ သူက ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဒီလို အစွဲတွေမရှိဖို့ ခန္ဓာငါးပါးကို အရှိအတိုင်း အမှန်အတိုင်း ရှုရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ဒါဟာရုပ်ပဲ၊ ဒါဟာ နာမ်ပဲလို့ အမှန်အတိုင်း မသိတဲ့အခါမှာ ငါ၊ ငါဥစ္စာစသဖြင့် ထင်နေတတ်ပြီး မမြဲတဲ့သဘောတွေမှာ "မြဲတယ်"လို့ ထင်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီရုပ်နာမ်အစုကို ဖြစ်ခိုက်မှာ "မရှု"လိုက်မိလို့ ဖြစ်ပါတယ်။ တကယ်လို့သာ ရုပ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ၊ ဖြစ်သမျှ အရာတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ အရှိအတိုင်း လိုက်သိနိုင်ရင် ငါငါ့ဟာလို့ ထင်စရာမရှိတော့တဲ့အပြင် ဒီအပေါ်မှာလည်း မစွဲမိတော့ပါဘူး။ ဒါကြောင့် ရုပ်နာမ်အစုဟာ ဖြစ်ခိုက်ပေါ်ခိုက်မှာ မရှုမိရင် ငါ၊ ငါဥစ္စာလို့ ထင်စေတတ်တဲ့ အစွဲတရားတွေ ဖြစ်တတ်ကြောင်း ဆရာတော်ဘုရားကြီးက မိန့်တော်မူခြင်း ဖြစ်ပါတယ်။
အဲဒီလို ရုပ်နာမ်အစု တွေကို ဖြစ်တိုင်းဖြစ်တိုင်း၊ ပေါ်တိုင်းပေါ်တိုင်းမှာ သတိနဲ့ မလွတ်တမ်း ကပ်ပြီး၊ သိမှတ်နိုင်မယ်ဆိုရင် ဒီတရားတွေအပေါ်မှာ စွဲလန်းမှုတွေ တဖြည်းဖြည်း ကင်းပျောက်လာနိုင်ပါတယ်။ ရုပ်တရားရဲ့ လှုပ်ရှားမှုတွေ၊ စိတ်ရဲ့တွေးတော ကြံစည်မှုတွေကို အရှိအတိုင်း...
သွားရင်သွားတယ်၊
ထိုင်ရင်ထိုင်တယ်၊
ရပ်ရင်ရပ်တယ်၊
အိပ်ရင်အိပ်တယ်၊
ကိုင်ရင်ကိုင်တယ်... စသဖြင့် လှုပ်ရှားမှု မှန်သမျှကို လိုက်လိုက်ပြီး....
သိနေ၊ တွေးရင်တွေးတယ်၊ ကြံရင်ကြံတယ်၊ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်၊ အလိုမကျဖြစ်ရင် အလိုမကျဖြစ်တယ် စသဖြင့် စိတ်နဲ့ပတ်သက်တဲ့ တွေးတောကြံစည်မှု မှန်သမျှကို မပြတ်သတိနဲ့ လိုက်ပြီးသိနေမယ်ဆိုရင် ဒီရုပ်တရား နာမ်တရားတွေအပေါ်မှာ စွဲလန်းမှုတွေ ကင်းလာတတ်ပြီး...
အနိစ္စသဘော၊
ဒုက္ခသဘော၊
အနတ္တသဘောတွေ ထင်လာပြီး...ဉာဏ်အမြင် ရှင်းလာတတ်ပါတယ်။ အဲဒီလို ဖြစ်ခိုက်ရှုလိုက်နိုင်လို့ အစွဲတွေ ကင်းပျောက်လာတယ်ဆိုရင် မဂ်ဉာဏ်တွေအထိ ထင်လာပြီး နိဗ္ဗာန်ကို မြင်လာနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းအတိုင်း ဝိပဿနာတရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ...
"
အစွဲတရားတွေကင်းဖို့ "
ရုပ်နာမ်အစုကို ဖြစ်ခိုက်ပေါ်ခိုက်မှာ...
အရှိအတိုင်း သတိကပ်ပြီး သိမှတ်ပေးနေမယ်ဆိုရင်...
ဒါဟာ "ဝိပဿနာဉာဏ် " ဖြစ်ဖို့အကောင်းဆုံး တရားရှုမှတ်နည်းပဲ ဖြစ်ပါတယ်။
အခုမျက်မှောက်ခေတ်ကာလ ဟာ အင်တာနက်၊ မီဒီယာတွေ တိုးတက်လာတာတွေ နဲ့အမျှ တရားတွေကို လွယ်လွယ်နဲ့ သိနိုင်ပါပြီ။ သူသူကိုယ်ကိုယ် သိရှိကြတဲ့ တရားဓမ္မတွေ ကို ဖလှယ်ကြရင်း၊တချို့ဘာသာရေးဆိုင်ရာ အင်တာနက် ဝက်ဖ်ဆိုဒ် များမှလည်း ဗုဒ္ဓစာပေတွေကိုလည်း လွယ်လွယ်နဲ့ ဖတ်နိုင်ကြပါတယ်။ ကျေနပ်စရာ ကောင်းလှပါတယ်။

ဓမ္မမိတ်ဆွေများအနေနဲ့ဒီလို ဝိပဿနာ ရှုနည်းတွေ ဖတ်ရှုရပြီး၊ ကျင့်ကြံအားထုတ်ဖိုတော့့လည်းလိုပါတယ်။လေ့လာ ဖတ်ရှုတဲ့အခါ ဘယ်လောက်ပဲ လွယ်လွယ်၊ လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို၊အလေ့အကျင့်ရသွားတဲ့အခါ၊ မိမိ အားထုတ်ရင် အားထုတ်သလောက် အကျိုးခံစားကြရမှာပါ လို့ အကြံပြုရင်း ဝိပဿနာ ဉာဏ်ဖြစ်အောင် ရှုပုံကို ဓမ္မဒါန အဖြစ် ပူဇော်ပါလိုက်ပါသည်။
 

Credit : Original Post