"တရားထိုင်ရင်း ငိုက်တာဖျောက်ပုံနည်းလမ်း"

 


"ဝိပဿနာ"တရားအားထုတ်ကြသူများ အတွင်း တစ်ချို ့ဖြစ်လေ့ဖြစ်ထရှိ တဲ့....
တရားအားထုတ်တဲ့ အခါမှာ ရှုမှတ်လို့မရနိုင်အောင် "ငိုက်မြည်းကြတယ်"လို့ကြားဖူးပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ ဓမ္မမိတ်ဆွေများအတွက် "မြတ်စွာဘုရားရှင်"ကိုယ်တော်တိုင်...."ပစလာယနသုတ်" မှာ အိပ်ငိုက်တာ ကို ဘယ်လို ဖျောက်ရမလဲဆိုတာ ဟောကြားထားတာရှိပါတယ်။
ဓမ္မမိတ်ဆွေများအနေဖြင့် သိသင့်သိထိုက်သည် ဟု ယူဆ၍ ကျေးဇူးရှင် "ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ" ပြန်လည်ဟောကြားထားသော "တရားထိုင်ရင်း အိပ်ငိုက်ပုံ ဖျောက်နည်း" အကြောင်းကို စုဆောင်းထားသမျှအား ပြန်လည်၍ ဓမ္မဒါနပြုလိုက်ပါသည်။

•••••••••••
တရားထိုင်ရင်း အိပ်ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဆိုပြီးတော့ " မြတ်စွာဘုရားရှင်"က ပစလာယနသုတ်"မှာ ဟောပါတယ်....တဲ့။
"ပစလာယန"ဆိုတဲ့ အဓိပ္ပါယ်က "အိပ်ငိုက်ခြင်း" ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ ခေါင်းတဆတ်ဆတ် နဲ့ ငိုက်တယ်။ ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်...ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကို စွန့် ပြီး တော့တခြားနည်းပြောင်း ပြီးအားထုတ်ရတယ်...လို့ဆိုပါတယ်။ အိပ်ငိုက်တဲ့...."အမှတ်သညာမျိုး"ကို ဖယ်ရှားပစ်ရပါမယ်....တဲ့။

အငိုက်ဖျောက်ပုံ (၇)မျိုးကတော့.....
❖နံပါတ် (၁)......
တရားအားထုတ်တဲ့အခါ ကို ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလို့ "အိပ်ငိုက်တယ်" ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက် တဲ့ "အမှတ်သညာ၊ ကမ္မဋ္ဌာန်းတရားမျိုး" ကို ရပ်ထားလိုက်ပါ...တဲ့။ တခြား..အာရုံတစ်မျိုးပြောင်းပြီး ရှုပါတဲ့။

❖နံပါတ်(၂).......
အဲဒီလိုရှုလို့မှ "အိပ်ငိုက်မပြေ"သေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရပါမယ်။ ဘာလဲ ဆိုတော့...
ကိုယ်အာဂုံဆောင်( အလွတ်ကျက်မှတ် ) ထားတဲ့ တရားဓမ္မတွေ၊( ဒါမှမဟုတ် )သင်ထားတဲ့ တရားဓမ္မတွေ ကို "စိတ်ထဲကနေတွေးပါ"...တဲ့။ ဥပမာ- ပရိတ်ကြီးရရင် "ပရိတ်ကြီး" ပေါ့။နှုတ်ကနေ ထုတ်ရွတ်ဆိုတာ တော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ ကို ပြောတာပါ...တဲ့။ အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်ပါတယ်...တဲ့။

❖နံပါတ်(၃)......
ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး ။ အိပ်ချင်တုန်းပဲဆိုရင်.....
ကိုယ်နှုတ်တက်အာဂုံဆောင် ထားတဲ့စာတွေကို ရွတ်ဖတ် သရဇ္ဈာယ် လိုက်ပါတဲ့။ “ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ရွတ်ဖတ်သရဇ္ဈာယ်လိုက်ပါ...တဲ့။
အသံထွတ်ပြီး အဲဒီလို ရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင်....အိပ်ငိုက်မှုဟာ ပျောက်သွားနိုင်တယ်...တဲ့။

❖နံပါတ်(၄)......
မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့...
ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။
ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။အညောင်း အညာတွေဖြေ။
နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်ပါတယ်...တဲ့။

❖နံပါတ်(၅).....
အဲဒီလိုလုပ်လို့မှ အိပ်ချင်မပြေဘူး ဆိုလို့ ရှိရင်..... ဘာလုပ်ရမလဲ။
မျက်နှာသစ်၊ မျက်လုံးကို ရေဆွတ် ပါတဲ့။ မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါ အိပ်ချင်ပြေသွားနိုင်တယ်ပေါ့။

❖နံပါတ်(၆).....
အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ် ဆိုလို့ရှိရင် "အာလောကသညာ "အလင်းကို နှလုံးသွင်းရမယ်တဲ့။ အမှောင်ထဲမှာ မနေပါနဲ့။အလင်းထဲမှာ နေပါ။ အာလောကသညာ ကို နှလုံးသွင်း။"ညကို နေ"့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။ မှောင်နေတယ် ဆိုတာကို မေ့ထားလိုက်ပါ။ လင်းနေတယ် ဆိုတာကို နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်း အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။

❖နံပါတ်(၇).....
အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင် စင်္ကြံလမ်းလေး ကို သတ်မှတ်ပြီး....
သဒ္ဓါတို့၊ဝီရိယတို့၊ သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣနြေ္ဒစွမ်းအားတွေ ကို ထိန်းချုပ်ထားပြီး စင်္ကြံလျှောက်လိုက်ပါတဲ့။
အဲဒီလို စင်္ကြံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ ဘာလုပ်ရမတုန်း ဆိုတော့...
"အိပ်လိုက်ပါ" တော့.....တဲ့။
ဓမ္မမိတ်ဆွေ တို့က စာဖတ်ပြီး..." ဒါကတော့..သူပြောမှ လား" ဆိုတဲ့ ပြောချင်စိတ်ပေါ်လာမှာ...။ဒါ မြတ်စွာဘုရား ကိုယ်တိုင် ဟောခဲ့တာပါ...။ နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်...တဲ့။
မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။ မရဘူးဆိုရင် အိပ်ပါတဲ့။
အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်လို့..ဆိုပါတယ်။ ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် ဖြင့် " လက်ယာဘက်" ( ညာဖက် )ကို စောင်းအိပ်..ပါ တဲ့။ ခြေထောက်နှစ်ခု ခြေမျက်စိချင်း မထိစေနဲ့ တဲ့။ ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်..တဲ့။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထားပါ..တဲ့။ “ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်..။
ဆရာတော်က မိန့်ပါတယ် "ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါး နှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။ ခြေဖဝါး နှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီးခြေမျက်စိချင်းမထိအောင် ထားရမှာ"....တဲ့။
"ရွှေသာလျောင်းဘုရားတွေ မှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။ ဒါ "စာ နဲ့အညီ " လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေးတင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့...."
မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းပါတယ်။ ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် အမေရိကန်နိုင်ငံ မှာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ကြရပါတယ်။ ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။ အဖြေကတော့...အမျိုးမျိုး ပေးထားပါတယ်။
ကားမောင်းရင်း...အိပ်ချင်ရင် ဘာလုပ်ရမလဲ...အဖြေတစ်ခုက....
ကားမောင်းရင်းအိပ်ချင်လာရင် "ကော်ဖီသောက်"ဆက်မောင်း။ သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။ အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက.... ဘာတုန်းဆိုရင် "အိပ်စက် အပန်းဖြေပြီး" မှ ဆက်မောင်းပါ..တဲ့။ အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။ ဘာလုပ်ရမှာတုန်း ဆိုရင် အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်ပါ။ ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကိုး၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲ နဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာပါ။
မြတ်စွာဘုရားက လည်း တရားအားထုတ်လို့ ခုနက နည်းလမ်းတွေ နဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီဆိုလို့ရှိရင် အိပ်လိုက်ပါ တဲ့။
အိပ်တဲ့အခါမှာ ခုန ပြောသလို...လက်ယာ စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။
နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့...တဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့ မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်ပါတယ်။ "သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။ "ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက် ( ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။ အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့ တူပါတယ်။အားလုံး ဒီဇိမ်တော့ ရဖူးကြမှာပါ။ အဲဒါ ကို "သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခ".....တဲ့။ အဲဒီလိုဇိမ်ခံမနေပါနဲ့....တဲ့။ ချက်ချင်း ထပါ...တဲ့။ ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ "တရားအားထုတ်ပါ"တဲ့။
အဲဒါဟာ..အရှင်မောဂ္ဂလ္လာန် ကို မြတ်စွာဘုရားက နည်းလမ်းတွေ ပေးထာတာပါ။ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင် ဒီနည်းစနစ်ကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်....လို့
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ပြန်လည်ဟောကြားထားတဲ့... အဂုင်္တ္တရနိကာယ် ပစလာယနသုတ္တန် ထဲမှ ကောက်နှုတ်ချက်ကို တင်ပြရင်းဓမ္မဒါနပြုရခြင်းပါတယ်။

•••••••••••••••••••••
ကိုးကား-Young Buddhist Association-ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Credit: Original Post