ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ တိုကျိုစစ်ခုံရုံး

 


ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ တိုကျိုစစ်ခုံရုံးဒုတိယကမ္ဘာစစ်ကိုမီးမွှေးခဲ့တဲ့ဂျပန်စစ်ဝါဒီတိုဂျိုအပါအ၀င်

စစ်ရာဇဝတ်ကောင်များအား၊တရားစီရင်နိုင်ငံတကာ

စစ်ခုံရုံး။

ကိုယ်ပြုသမျှ အပြစ်ဒဏ်ကိုယ့်ထံ ပြန်။

(သေဒဏ်(၇)ဦး ထောင်တစ်သက်(၁၆)ဦး

တိုကျို စစ်ခုံရုံး(Tokyo Trial)

-------------------------------

၁၉၄၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တော်မျာ "ကမ္ဘာ့အရှေ့ဖျားက အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး(IMTFE)" အမည်ရှိတဲ့ တိုကျိုစစ်ခုံရုံးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တိုကျို စစ်ခုံရုံးရဲ့ အဓိက ရည်ရွယ်ချက်မှာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ဂျပန်တပ်မတော်နဲ့ အစိုးရအဖွဲ့ အတွင်းမှ ထိပ်ပိုင်းခေါင်းဆောင်တွေကို တရားစွဲဆို အပြစ်ပေးရန် ဖြစ်ပါတယ်။

တိုကျို တရားခွင်အတွင်း အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်၊ ပြင်သစ်၊ သြစတြေးလျ၊ ကနေဒါနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များက ဂျူရီအဖွဲ့ဝင် တရားသူကြီးများနဲ့ တရားလို ရှေ့နေများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး တရားစွဲဆိုခြင်း ခံရသူတွေဘက်မှ အမေရိကန်နဲ့ ဂျပန်လူမျိုး ရှေ့နေတွေက ခုခံချေပပေးခဲ့ကြပါတယ်။ တရားခွင်မှာ စွဲချက်တင် စစ်ဆေးခံရသူ စုစုပေါင်း ၂၈ ဦးရှိပြီး စစ်ကာလအတွင်းက ၎င်းတို့အနေနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အမျိုးအစားပေါင်း ၅၅ ခုကို အခြေခံပြီး စစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ရာဇဝတ်မှုတွေကို အချုပ်အားဖြင့် (Class A) ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ ပါဝင်လာအောင် ကိုယ်တိုင်ကိုယ်ကျ လှုံ့ဆော်ခြင်း၊ (Class B) စစ်ပွဲများအတွင်း နိုင်ငံတကာ စစ်ဥပဒေနဲ့ ဆန့်ကျင်တဲ့ ရာဇဝတ်မှုများ ကျူးလွန်ခြင်းနဲ့ (Class C) စစ်ပွဲနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ သာမန်အရပ်သားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခြင်းဆိုပြီး ၃ မျိုး ၃ စား ခွဲခြားစစ်ဆေးခဲ့ပါတယ်။

တရားစွဲဆိုခြင်း ခံရသူတွေအနက် ဂျပန် ဝန်ကြီးချုပ်ဟောင်း ဟီဒဲခိ တိုဂျို(Hideki Tojo) ဟာ ဖမ်းဆီးထ်ိန်းသိမ်းခြင်း မခံရမီ ၁၉၄၅ စက်တင်ဘာလ ၁၁ ရက်နေ့က မိမိကိုယ်ကို သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ မဟာမိတ်တို့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ မဟာမိတ်တို့ဟာ သေနတ်ဒဏ်ရာ ရရှိထားတဲ့ တိုဂျိုကို ဆေးကုသပေးခဲ့ပြီး ပြန်လည်ကျန်းမာလာချိန်မှာ စစ်ခုံရုံးသို့ ခေါ်ဆောင်ကာ တရားရင်ဆိုင်စေခဲ့ပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မတ်ဆူအိုကာ ယိုဆူကဲ(Matsuoka Yosuke) နဲ့ ရေတပ်ဗိုလ်ချုပ်ကြီး နာဂါနို အိုဆာမီ (Nagano Osami) တို့ဟာ တိုကျိုစစ်ခုံရုံးမှာ တရားရင်ဆိုင်နေစဉ်အတွင်း နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့ကြတဲ့အတွက် ပြီးဆုံးအောင် စစ်ဆေးနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက်ထပ် တရားစွဲဆိုခြင်း ခံရသူ တစ်ဦးဖြစ်တဲ့ ဂျပန် အမျိုးသားရေးဝါဒီ နိုင်ငံရေးသမား ရှူမိုင် အိုကာဝါ (Shūmei Ōkawa)မှာ စိတ်ရောဂါ ခံစားနေရပြီး တရားရင်ဆိုင်ရန် မဖြစ်နိုင်တဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ အထက်ပါ ပုဂ္ဂိုလ် ၃ ဦးမှအပ ကျန် ၂၅ ဦးကို ၂ နှစ်ခွဲခန့်ကြာအောင် စစ်ဆေးခဲ့ပြီး ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြစ်ဒဏ်များ ချမှတ်ခဲ့ပါတယ်။ တိုကျိုစစ်ခုံရုံးမှာ တရားစွဲဆိုခြင်း ခံရသူတွေနဲ့ ၎င်းတို့ကျခံခဲ့ရတဲ့ ပြစ်ဒဏ်တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ဗိုလ်ချုပ်ကြီး ဟီဒဲခိ တိုဂျို (Hideki Tōjō)

ကွမ်တုံ တပ်မတော် အကြီးအကဲနဲ့ ဝန်ကြီးချုပ်ဟောင်း။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၂) ကိုကီ ဟီရိုတာ(Kōki Hirota)

နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဟောင်း။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၃) ဗိုလ်ချုပ်ကြီး ဆိုင်ရှီရို အီတာဂါကီ (Seishirō Itagaki)

စစ်ဝန်ကြီးဟောင်း။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၄) ဗိုလ်ချုပ်ကြီး ဟိုင်တာရို ကီမူရာ (Heitarō Kimura)

မြန်မာပြည် စစ်မြေပြင် သေနာပတိချုပ်။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၅) ဒုတိယ ဗိုလ်ချုပ်ကြီး အကီရာ မူတို(Akira Mutō)

ဂျပန် အမှတ်(၁၄) တပ်မတော် ဦးစီးချုပ်။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၆) ဗိုလ်ချုပ်ကြီး ကန်ဂျီ ဒွိုင်ဟာရာ(Kenji Doihara)

မန်ချူးကိုးဒေသမှ ဂျပန်တပ်မတော် ထောက်လှမ်းရေး အကြီးအကဲ။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၇) ဗိုလ်ချုပ်ကြီး အီဝါနီ မတ်ဆုအီ (Iwane Matsui)

ရှန်ဟိုင်းနဲ့ တရုတ်ပြည် အလယ်ပိုင်း စစ်မြေပြင် သေနာပတိချုပ်။

သေဒဏ်(၂၃.၁၂.၁၉၄၈)။

(၈) ဗိုလ်ချုပ်ကြီး ဆာဒါအို အာရာကီ (Sadao Araki)

စစ်ဝန်ကြီးဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၅ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၉) ဗိုလ်မှူးကြီး ကင်ဂိုရို ဟာရှီမိုတို (Kingorō Hashimoto)

ဒုတိယ တရုတ်-ဂျပန် စစ်ပွဲ ဖြစ်ပွားလာအောင် အဓိက လှုံ့ဆော်ခဲ့သူ။

ထောင်ဒဏ်တစ်သက်(၁၉၅၄ မှ ၁၉၅၆ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၀) ဗိုလ်ချုပ်ကြီး ရှူအန်ရိုကု ဟာတာ (Shunroku Hata)

စစ်ဝန်ကြီးဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၄ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၁) ကီချီရို ဟီရာနူမာ(Kiichirō Hiranuma)

ဝန်ကြီးချုပ်ဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၂ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၂) နာအိုကီ ဟိုရှီနို(Naoki Hoshino)

ဘုရင့်အစိုးရ ကက်ဘိနက်အဖွဲ့ အတွင်းရေးမှူး။

ထောင်ဒဏ်တစ်သက်(၁၉၅၈ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၃) အိုကီနိုရီ ကာယာ(Okinori Kaya)

ဘဏ္ဍာရေးဝန်ကြီး။

ထောင်ဒဏ်တစ်သက်(၁၉၅၅ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၄) ကိုအီချီ ကဒို(Kōichi Kido)

ဂျပန် ဧကရာဇ်ရဲ့ အတိုင်ပင်ခံ။

ထောင်ဒဏ်တစ်သက်(၁၉၅၃ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၅) ဗိုလ်ချုပ်ကြီး ကူနီယာကီ ကိုအီဆို (Kuniaki Koiso)

ကိုရီးယားနိုင်ငံ အုပ်ချုပ်ရေးမှူးနဲ့ ဂျပန် ဝန်ကြီးချုပ်ဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၀ နိုဝင်ဘာလ ၃ ရက်နေ့က ထောင်တွင်း၌ ကွယ်လွန်)။

(၁၆) ဗိုလ်ချုပ်ကြီး ဂျီရို မီနာမီ(Jirō Minami)

ကွမ်တုံတပ်မတော် အကြီးအကဲဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၄ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၇) ရေတပ်ဗိုလ်ချုပ်ကြီး တာကာဇူမီ အိုကာ(Takazumi Oka)

ဂျပန်ရေတပ်ဝန်ကြီးဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၄ မှ ၁၉၅၆ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၈) ဒုတိယဗိုလ်ချုပ်ကြီး ဟီရိုရှီ အိုရှီးမား(Hiroshi Ōshima)

ဂျာမဏီနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်။

ထောင်ဒဏ်တစ်သက်(၁၉၅၅ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၁၉) ဗိုလ်ချုပ်ကြီး ကန်နာရို ဆာတို (Kenryō Satō)

ဂျပန်တပ်မတော် ညှိနှိုင်းဆောင်ရွက်ရေးဌာန အကြီးအကဲ။

ထောင်ဒဏ်တစ်သက်(၁၉၅၄ မှ ၁၉၅၆ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၂၀) ရေတပ်ဗိုလ်ချုပ်ကြီး ရှီဂက်တာရို ရှီမဒါ (Shigetarō Shimada)

ဂျပန်ရေတပ်ဝန်ကြီးဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၅၅ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၂၁) တိုရှီရို ရှီရာတိုရီ (Toshio Shiratori)

အီတလီနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်။

ထောင်ဒဏ်တစ်သက်(၁၉၄၉ ဇန်နဝါရီလ ၃ ရက်နေ့က ထောင်တွင်းမှာ ကွယ်လွန်)။

(၂၂) ဒုတိယ ဗိုလ်ချုပ်ကြီး တိုင်အီချီ ဆူဇူကီး(Teiichi Suzuki)

ဂျပန်အစိုးရ စီမံကိန်းဌာန အကြီးအကဲ။

ထောင်ဒဏ်တစ်သက်(၁၉၅၅ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်)။

(၂၃) ဗိုလ်ချုပ်ကြီး ယိုရှီဂျီရို အူမဲဇု (Yoshijirō Umezu)

စစ်ဝန်ကြီးဟောင်း။

ထောင်ဒဏ်တစ်သက်(၁၉၄၉ ဇန်နဝါရီလ ၈ ရက်နေ့က ထောင်တွင်း၌ ကွယ်လွန်)။

(၂၄) ရှီဂဲနိုရီ တိုဂို (Shigenori Tōgō)

နိုင်ငံခြားရေး ဝန်ကြီးဟောင်း။

ထောင်ဒဏ် နှစ် ၂၀ (၁၉၅၀ ဇူလိုင်လ ၂၃ ရက်နေ့က ထောင်တွင်း၌ ကွယ်လွန်။)

(၂၅) မန်မိုယူ ရှီဂဲမစ်ဆု(Mamoru Shigemitsu)

နိုင်ငံခြားရေး ဝန်ကြီးဟောင်း။

ထောင်ဒဏ် ၇ နှစ်။

(ရှီဂဲမစ်ဆုဟာ ပြစ်ဒဏ်ကျခံနေရာမှ ၁၉၅၀ ပြည့်နှစ်မှာ လွတ်မြောက်လာခဲ့ပြီး စစ်ပြီးခေတ် ဂျပန်နိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။)

Ref: Wikipedia