Leader

 



Leaderခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့ အယူအဆဟာ လွှဲမှားနေပါတယ်။

တကယ်တော့ ခေါင်းဆောင်ဆိုတာ နေရာအလိုက် တတ်ကျွမ်းသူတွေကို စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး ငယ်သားကို လူမှန်နေရာမှန် အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်အတွက်ရှက်စရာအကောင်းဆုံးစကားက ကိုယ့်လက်အောက်ကလူတွေ

သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို ကျွန်တော်အထင်လုံးဝမကြီးပါဘူး။သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး

ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်က လူတွေရဲ့အမြင်ဟာ ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။

လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့ စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ

မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

''သဘောကောင်းတယ်လို့ အပြောခံရရင် အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့

ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင် မိသားစုအတွင်းမှာဆို အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။

တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်တာ/ တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က

လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။ မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင် ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ် သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။

ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင် ခေါင်းဆောင်တယောက်ဟာ သဘောကောင်းကောင်းနဲ့

အလုပ်လုပ်လို့ရပါတယ်။

တစ်ခု သတိပြုရမှာကတော့ ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။

ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။လူတွေအများကြီး စိတ်ချမ်းသာအောင်

လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်

လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့

ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ တစ်ခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး

သဘောကောင်းဖို့ အရေးကြီးပါတယ်။

Credid: Original Author & Photo (google)