တစ်ခါတုန်းက
ကောင်လေးတစ်ယောက်
မုန့်ဟင်းခါးကို
အထမ်းနဲ့ လိုက်ရောင်းတယ်
သူက
မုန့်ဟင်းခါးကို ကျကျနနချက်တတ်တော့
သူ့မုန့်ဟင်းခါးက
အင်မတန် ရောင်းကောင်းတယ်...
စားကောင်းလွန်းအားကြီးတော့
သူ့
မုန့်ဟင်းခါးက အစောကြီးကုန်ကုန်သွားတယ်
သူကလည်း
မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ်
သူ့
မုန့်ဟင်းခါးလည်း နာမည်ရလာတယ်...
ဒီလိုနဲ့
တစ်နေ့ ခါတိုင်းထက် စောပြီးတော့ကို
မုန့်ဟင်းခါးက
ရောင်းလို့ ကုန်သွားတယ်
ဒီတော့
ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့
သူ့မှာပါလာတဲ့
ပလွေကို ထိုင်မှုတ်တယ်...
ကောင်လေးက
ပလွေမှုတ်တာ ဝါသနာပါတယ်
ဒါပေမဲ့
ပညာရှင်တစ်ယောက်လို
မှုတ်တတ်တာတော့
မဟုတ်ဘူး
သို့သော်
နားထောင်လို့ ကောင်းရုံတော့
အသင့်အတင့်
မှုတ်တတ်တယ်...
အဲ့တော့
သူပလွေမှုတ်နေတုန်းမှာ
ဘေးနားက
ဖြတ်သွားဖြတ်လာ လူတွေက
သတိထားမိပြီး
လာနားထောင်ကြတယ်
လက်ခုပ်သြဘာပေးကြတယ်
ဟိုသီချင်းလေးမှုတ်ပြပါ
ဒီသီချင်းလေးမှုတ်ပြပါပေါ့...
သူကလည်း
ကြိုးကြိုးစားစားနဲ့ မှုတ်ပြတယ်
လူတွေကလည်း
ဝိုင်းလို့ နားထောင်ကြတယ်
ဒီလိုနဲ့ သူက
တစ်နေ့ တစ်နေ့ အိမ်ပြန်ရောက်ရင်
မုန့်ဟင်းခါးချက်ဖို့ကို
စိတ်မပါတော့ဘူး
ပလွေကို
ဘယ်သီချင်းတွေ မှုတ်ပြရမလဲပဲ
စဉ်းစားတော့တယ်
အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်...
မုန့်ဟင်းခါးအိုးကြီးကို
ပစ်ထားတယ်
ခါတိုင်းလို
စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး
လူတွေလက်ခုပ်သြဘာပေးတဲ့
ပလွေမှုတ်တာကိုပဲ
သာယာပြီး
ပျော်မွေ့နေတယ်...
အဲ့ဒီမှာ
သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်
အရင်လို
မရောင်းရတော့ဘူး
ပလွေကလည်း
ပညာရှင်မဟုတ်ဘူး
ဒီအတိုင်း
ဝါသနာရှင်အဆင့် မှုတ်တတ်ရုံဆိုတော့
အဲ့ဒါနဲ့လည်း
အလုပ်မဖြစ်ဘူး
နောက်ဆုံး
မျောက်သစ်ကိုင်းလွတ်ပြီး
ဟိုမရောက်
ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်...
ပုံပြင်ရဲ့
ဆိုလိုရင်းကိုတော့
ကိုယ့်ကိုယ်ကိုယ်ပဲ
သာဓကပြပါ့မယ်
ကျွန်တော်က
အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်
အင်ဂျင်နီယာအလုပ်နဲ့
ကုမ္ပဏီမှာလုပ်တယ်
အဲ့ဒီက
လစာရတယ်
ဒါကျွန်တော်ချက်ရတဲ့
မုန့်ဟင်းခါးပဲ...
နောက် Facebook ပေါ်မှာ စာရေးတယ်
တချို့တွေ
ချီးကျူးကြတယ်
ကျွန်တော်
ဒါကို သာယာမိတဲ့အခါရှိတယ်
ဒီစာရေးတာက
ကျွန်တော့်အတွက်
ပလွေမှုတ်တဲ့အလုပ်ပဲ...
Facebook ပေါ်မှာ စာရေးတဲ့ ပလွေမှုတ်တာကို
သာယာပြီး
တစ်နေ့ တစ်နေ့ ဘာရေးရမလဲ
ဘာတင်ရမလဲ like တွေ သောင်းချီအောင်
Follower တွေ သိန်းချီအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး
တွေးနေပြီးတော့
မုန့်ဟင်းခါးချက်ရမယ့်
လစာရနေတဲ့
ကုမ္ပဏီက အင်ဂျင်နီယာအလုပ်ကို
အာရုံမစိုက်ဘူးဆိုရင်
ဘယ်ဘဝရောက်သွားမယ်ထင်လဲ...
ကိုယ့်ဘာသာကိုယ်
စဉ်းစားရမှာပေါ့
ငါ့ရဲ့မုန့်ဟင်းခါးချက်တဲ့အလုပ်က
ဘာလဲ
ငါ့ရဲ့ပလွေမှုတ်တဲ့အလုပ်က
ဘာလဲ
ငါမုန့်ဟင်းခါးချက်နေတာလား
ငါပလွေမှုတ်နေတာလားပေါ့...
တချို့ကတော့ ထူးချွန်ကြပါတယ်
အလုပ်နှစ်ခု တပြိုင်တည်း အာရုံစိုက်နိုင်တယ်
မုန့်ဟင်းခါးလည်း အချက်ကောင်းတယ်
ပလွေလည်း အမှုတ်တော်တယ်
သို့သော် တော်တော်တော့ရှားပါတယ်...
တချို့ကျတော့လည်း
အစက မုန့်ဟင်းခါချက်တယ်
နောက်တော့ ပလွေပြောင်းမှုတ်တယ်
ပလွေကို သေချာလေ့လာသင်ယူပြီး မှုတ်တော့
ပညာရှင်အဆင့်ဖြစ်သွားတယ်
အဲ့ဒါနဲ့ အသက်မွေးသွားတယ် ဒါမျိုးလည်း ရှိနိုင်တယ်...
ဆိုလိုတာက
မျောက်သစ်ကိုင်း မလွတ်စေနဲ့ပေါ့
မုန့်ဟင်းခါးချက်ရင်လည်း
သေချာချက်
မဟုတ်ရင်လည်း
ပလွေကို သေချာမှုတ်
အရေးကြီးတာက
ဟိုမရောက် ဒီမရောက်ကာလမှာ
ယောင်ဝါးဝါး
လက်ခုပ်သြဘာတွေကို
နားမယောင်မိစေနဲ့ပေါ့
မသာယာမိစေနဲ့ပေ့ါ...
ဒီလိုမှမဟုတ်ဘဲ
မုန့်ဟင်းခါးလည်း အာရုံမစိုက်
ပလွေကိုလည်း
သေချာမမှုတ်တတ်ဘဲ
ပျော်မွေ့နေတယ်ဆိုရင်
ကိုယ့်ဘဝလည်း
ပုံပြင်ထဲက ကောင်လေးလိုပဲ
နိဂုံးချုပ်သွားနိုင်တာပေါ့...
အခုရေးထားတဲ့ status လေးဟာ
ဆရာမောင်သာချိုရဲ့ဆောင်းပါးထဲက
ပုံပြင်လေးကို
ကိုးကားရေးသားထားတာဖြစ်ပါတယ်
ကိုယ့်ဘဝရဲ့အဓိကနဲ့
သာမညကို
ခွဲခြားသိမြင်နိုင်ကြပါစေ
Credit - Original Uploader
Photo From Google
.jpg)