မိဘပိုက်ဆံကို ရပိုင်ခွင့်လို မြင်လာခြင်းဟာ သားသမီးအတွက် ပျင်းရိပျက်စီးမယ့် လမ်းစပဲ။

 




ငယ်ငယ်ကဆင်းရဲခဲ့ပြီး ကြီးမှပြည့်စုံလာတဲ့ လူတချို့ဟာ သူတို့သားသမီးတွေကိုအရမ်းဖြည့်ဆည်းပးချင်ကြတယ်။သူတို့တုန်းက မရခဲ့တာတွေကိုသားသမီးတွေအလှည့်မှာ တောင်းဆိုစရာမလိုအောင် ဖြည့်ဆည်းပေးတတ်ကြတယ်။

"လူ့လောဘဟာ ဘယ်တော့မှ အတောမသတ်တာကို မေ့ထားရင်းနဲ့”

ကျနော်ကလေး ဘဝမှာ လိုချင်တာတွေသိပ်များခဲ့တယ်။ကလေးကလည်း ကလေးအလျောက်လောဘရှိခဲ့တာပဲ။

 

လောဘနဲ့အစွမ်းအစမှာ

လောဘက အသာရသွားရင် အဲ့ဒီလူဟာ

မသမာသူဖြစ်သွားတတ်တယ်။

 

လောဘဟာ အစွမ်းအစကိုမကျော်သ၍

ခင်ဗျားဘယ်လောက်ဆင်းရဲဆင်းရဲ ၊

အေးချမ်းပါသေးတယ်။

 

ထမင်းငတ်လောက်အောင်တော့ အစွမ်းအစမနည်းနဲ့ပေါ့လေ။ကလေးဘဝဆိုတာ လောဘသာရှိပြီး

အစွမ်းအစမရှိသေးတဲ့ဘဝပါ။

 

အစွမ်းအစကမမြင့်ဘဲ လောဘတွေမြင့်လာရင် အဲ့ဒီကလေးဟာ ဆိုးသွမ်းလာပါလေရော။

ကျနော်တစ်တန်းနှစ်မှာ အပူချိန် ၁၀၄ရှိတဲ့ အဖျားကြီးတစ်ခု ခံစားခဲ့ဖူးတယ်။အဲ့တုန်းက မေမေက ကျနော်အတွက်၆၀တန် ဒိုင်နိုဆောရုပ်လေးနဲ့ ၈၅ကျပ်တန်လေယာဉ်လေးတစ်စီး ဝယ်ပေးဖူးတယ်။အဖျားကို မေ့သွားသည်အထိကျနော်ပျော်ခဲ့ပါတယ်။လေယာဉ်လေးကတော့ အချိန်တစ်ခုမှာပျက်စီးခဲ့ပြီး ရာဘာဒိုင်နိုဆောရုပ်လေးကပျောက်ခြင်းမလှပျောက်သွားတယ်။ကျနော် လောဘကြီးခွင့်မရခဲ့ပါဘူး။အရုပ်ဆိုင်လေးတွေမြင်ရင် ငေးမောမိပေမယ့်ပူဆာခွင့်ရှိတယ်မထင်လို့ နှုတ်ဆိတ်နေခဲ့တယ်။

မိဘရဲ့မပြေလည်မှုကိုကျနော် နားလည်နေခဲ့တယ်လေ။ကျနော် မိဘဖြစ်လာရင် ကျနော့်သားကိုနင်းကန်ဝယ်ပေးပစ်ရမလား။ဟင့်အင်း အဲ့လိုမလုပ်ဘူး။ရံဖန်ရံခါမှာ ဆုလာဘ်အဖြစ်နဲ့တော့သား/သမီးကိုဝယ်ပေးမယ်။

ဒါကို ရပိုင်ခွင့်တစ်ခုလို ရင်သွေးကမြင်သွားမှာ ကျနော်မလိုလားဘူး။ဘာအစွမ်းအစမှ မရှိခင်မှာ သူလိုချင်တိုင်းရနေရင် ဒီကလေးဟာ မာန်တက်နေလိမ့်မယ်။အကယ်၍ ကျနော်ချမ်းသာလာသည်ဆိုဦးတော့။သူ့ရဲ့တစ်နေ့တာ ကိုယ်ပိုင်သုံးစွဲမယ့်ငွေဟာအခြေခံ နေ့စားအလုပ်သမားရဲ့ တစ်ရက်စာဝင်ငွေထက်မကျော်ရဘူး။ ရံဖန်ရံခါတော့ဆုလာဘ်အဖြစ်နဲ့ တနင့်တပိုးပေးမယ်။မိဘပိုက်ဆံကို ရပိုင်ခွင့်လို မြင်လာခြင်းဟာသားသမီးအတွက် ပျင်းရိပျက်စီးမယ့် လမ်းစပဲ။သူဌေးသားသမီးတွေဟာ အုပ်ထိန်းမှုမတတ်ရင်လူပေါ့လူသွမ်းဖြစ်နိုင်ခြေပိုများတယ်။ငွေအပေါ်တန်ဖိုးထားမှု၊အချိန်ပေါ်တန်ဖိုးထားမှုမတတ်တဲ့ သူဌေးသားတွေများစွာ မြင်ဖူးခဲ့တယ်။သိန်းကို သိန်းနဲ့ချီပြီး ချမ်းသာတဲ့အန်တီတစ်ယောက်ကကျနော့်ကို ရင်ဖွင့်ဖူးတယ်။သူ့သားဟာ မိဘပိုက်ဆံကို ရပိုင်ခွင့်လို့ထင်နေပြီး ၂၀ကျော်အရွယ်ကတည်းကဓားကြိမ်းကြိမ်းပြီး အမွေတောင်းပါသတဲ့။သူ့ရဲ့ ငယ်ဘဝကို မေးမြန်းကြည့်တော့ငယ်စဉ်ကတည်းက လိုချင်တာရခဲ့တဲ့ကလေးငယ်ဖြစ်ခဲ့တယ်။သိန်းနဲ့ချီတန်တဲ့ အရုပ်တွေကို ဖျက်ဆီးတယ်။အသုံးအဖြုန်းကြီးတယ်။ပညာရေးကို ငွေလမ်းနဲ့လျှောက်ခဲ့တယ်။Rich kidsတွေရဲ့ ဘဝဟာ အားကျစရာအားသာချက်တွေရှိသလို ထောက်ချင့်စရာအားနည်းချက်တွေလည်းရှိတယ်။လက်ဖြန့်ရုံနဲ့ ငွေငါးသိန်းရတဲ့သူဌေးသားလေးဟာ တစ်လ ၂သိန်းရမယ့်အလုပ်ကို ဘယ်လုပ်ချင်ပါ့မလဲ။အဲ့ဒိလူငယ် GTC second yearရောက်တဲ့အချိန်မှာ ပညာရေးကိုစိတ်မဝင်စားတော့ဘဲ မိန်းမခိုးပြေးတယ်။ဘာအလုပ်မှ မလုပ်ဘူး။ဒီတိုင်းထိုင်စားတယ်။ကလေးနှစ်ယောက်ရတော့ မိန်းမကိုမပေါင်းတော့လို့ သူ့ရဲ့မိဘကချွေးမနဲ့မြေးတွေကို အိမ်ခေါ်ထားရတယ်။မွေးလာတဲ့သားသမီးအပေါ်ဘာတာဝန်ယူချင်စိတ်မှ မရှိတဲ့ဖခင်ဖြစ်လာပေမယ့် သူကိုယ်တိုင်ကျတော့သူ့မိဘဆီက ရပိုင်ခွင့်တွေရှိတယ်ထင်နေတုန်းပဲ။နောက်ပြီး သူကတစ်ဦးတည်းသောသားလေ။သူ့မိဘတွေဟာ ငွေကြေးချမ်းသာတဲ့သူဌေးကြီးတွေဖြစ်ပေမယ့် ဒီသားအပေါ်အလိုလိုက်မှားခဲ့တာကြောင့် စိတ်ဆင်းရဲရှာတယ်။သူ့ကို ဘယ်လိုတရားနဲ့ ဆုံးမလို့ရနိုင်ဦးမှာလဲ။ကလေးတွေဟာ မိဘမွေးတဲ့အတိုင်းကြီးပြင်းလာကြတာပဲ။အတ္တကြီးအောင်မွေးရင် အတ္တကြီးတယ်။ဒေါသကြီးအောင်မွေးရင် ဒေါသကြီးတယ်။လောဘကြီးအောင်မွေးရင် လောဘကြီးတယ်။ကလေးတွေရဲ့ လောဘကိုစျေးမကြီးစေချင်ဘူးလေ။

Credit : original FB port

 

Post a Comment

0 Comments